Tuesday, August 21, 2018
မျဉ်းပြိုင်များ
မာနတွေ ခ၀ါချဖို့
တို့တွေ မာန်မလျှော့ခဲ့ကြဘူး..
သူ့ထက်ငါ တင်းနိုင်လို့
ဂုဏ်ယူနေခဲ့ကြတယ်....။
အချိန်ဆိုတာ
အကန့်သတ်ရှိမှန်း
မေ့နေခဲ့တဲ့အခိုက်
အလိုက်သင့်လေးတောင်
မချင့်ချိန်နိုင်ခဲ့ဘူး...။
ပိုချစ်ခဲ့တယ်ဆိုရင်တောင်
ရှုံးမှာစိုးလို့
အပြိုင်မုန်းခဲ့တယ်.....။
ရှေ့ဆက်ဖို့ မဖြစ်နိုင်သလို
နောက်လည်း ပြန်မဆုတ်ချင်တော့
ကိုယ့်ခရီးကိုယ်ဆက်ရင်း
အပြိုင်သွားနေတဲ့ မျဉ်းလေးကို ငေး
မြင်နေရုံလေးကို ကျေနပ်ပါတယ်....။ ။
Posted by ရောင်ပြန် at 11:04 AM 0 ပဲ့တင်သံ
Labels: ကဗျာ
Thursday, August 9, 2018
အချစ်စက်ဝန်း
နှစ်ဖက်စလုံး
ရူးရူးမူးမူးချစ်ရာကနေ...
ကိုယ့်ဘက်က နည်းနည်းခိုပြီး
သူများချစ်တာပဲ မှိန်းလိုက်ကြည့်တယ်..
သူပင်ပန်းလာတော့..
ကိုယ်တလှည့် ပြန်ချစ်တာမျိုး..
အချစ်က ပျော်အောင်နေရင်
လေးနက်ပြီး စိတ်ချမ်းမြေ့စရာ..
အပြန်အလှန် နားလည်ရင်တော့
အတိုင်းထက်အလွန်ပေါ့..
တနှစ်ထက်တနှစ်
ပိုတိုးချစ်လို့
အသက်ကြီးတဲ့ထိ
အချစ် သစ္စာတွေနဲ့
ခရီးဆက်ကြည့်ရအောင်....။ ။
Posted by ရောင်ပြန် at 4:48 PM 0 ပဲ့တင်သံ
Labels: ကဗျာ
Thursday, August 29, 2013
မျှော်လင့်ခြင်း လက်တကမ်း
ပိုလိုက်လေ ဖြစ်နေမိတယ်..
လိုက်လေ.. ဝေးလေ...
ကိုယ်အားမလျှော့ချင်ဘူး..
အားမလျှော့ပါဘူး..
ကိုယ့်ရဲ့ ကြိုးစားမှု
အသိအမှတ်ပြု မခံရသေးသရွေ့....
တခါတခါ
အေးစက်စက် တုံ့ပြန်မှုတွေကြား
ခွန်အားတွေ ပျက်ပြားခဲ့ပေမယ့်
မျှော်လင့်ချက် ငွေ့ငွေ့လေးနဲ့
မရဲတရဲ တောင့်တမိတယ်...
အရင်လို နွေးထွေးမှုတွေကို ... ... ...
ဒူးထောက်လည်စင်းတဲ့သူအပေါ်
တုံ့ပြန်ချက်တွေက
နှလုံးအိမ်ထိ နာကျင်လွန်းတယ်...
မေ့ထားချင်ပါတယ်....
မစဉ်းစားမိအောင်နေတယ်...
တွေးမိတာနဲ့တင်
ဘယ်ဘက်ရင်အုံ တဆစ်ဆစ်နာလို့....
ခုခံအားက သိပ်မကောင်းဘူးလေ....။
ဒီနေ့နင်က မနေ့က ငါသိတဲ့သူမဟုတ်တော့သလို
ပြောင်းလဲတာ မြန်တယ်..
လိုက်မမှီအောင် တုံးလွန်းတဲ့ငါ...
လဲကျနေတဲ့ချိန်..
မျှော်လင့်မိတဲ့ လက်တစုံက နင်....
လက်တွေ့တော့...
ယိုင်နဲ့ နဲ့ ခြေလှမ်းတွေပေါ်
အနိုင်နိုင် အားတင်းရင်း
ရှေ့ဆက် လိုက်ပြီးရင်း.... လိုက်...
နင်ကတော့ ပြေးပြီးရင်း... ပြေး...
ဝေးပြီးရင်းတော့ ထပ်မဝေးချင်ဘူး....
လျှပ်စီးကြောင်းတခုကိုတောင်
ဟိုးရှေးမှာ ရောင်နီလာတော့မှာလို့...
ကိုယ့်ကိုယ်ကိုယ် အားတင်းမိတယ်...
မျက်စိရှေ့မှာတော့ လောကကြီး တခုလုံး မှောင်လို့....
ဒီလိုနဲ့ပဲ.................။ ။
Posted by ရောင်ပြန် at 4:49 PM 4 ပဲ့တင်သံ
Labels: ကဗျာ
Wednesday, August 28, 2013
ချစ်ခြင်းဆုံမှတ်
ခံစားချက်စုံတယ်...
ရင်ခုန်.. ကြည်နူး.. ပျော်မြူး ရတယ်..
နာကျင်.... ၀မ်းနည်း.. အလွမ်းတွေလည်း ပါတယ်...
ချိန်မြိန်ခြင်း
ခါးသီးခြင်းတွေ တလှည့်ဆီနဲ့
တခါတလေ ဝေးရာပြေးချင်လည်း
မခွဲနိုင် မခွာရက်
စပါးကြီး သည်းချေလို
ညှို့နိုင်အားပြင်းတယ်... ...
အချစ်က
လှည့်ဖျားနိုင်စွမ်းတယ်တဲ့...
အချစ်စစ်ရဲ့ ကျစ်လစ်မှုကို
မာယာတွေနဲ့ မတိုးနိုင်လို့တဲ့
တိုးတိုးလေး ငိုနေတယ်... ...
တခါတလေ ကမ္ဘာ တခြမ်းဆီ
ရောက်နေတာ ရှိမယ်...
တချိန်ကျရင်တော့
ဝင်ရိုးစွန်းတဖက်ဆီက
တခုတည်းသော ဆုံမှတ်ဆီ
လာမယ့် မျဉ်းနှစ်ကြောင်းသာ
ဖြစ်စေပါ... ...
Posted by ရောင်ပြန် at 11:01 AM 2 ပဲ့တင်သံ
Labels: ကဗျာ
Tuesday, August 27, 2013
ခရီးသည်
ရေရာတယ်ဆိုတာကိုက
မသေချာတာ... ...
တခါတခါ ငိုရင်းပြုံး
အပြုံးနား မျက်ရည်ခို... ...
ဥပေက္ခာတရား မချမ်းသာတော့
သစ္စာတွေ လောင်း
နားလည်မှုတွေ ပေါင်းပြီး
စိတ်အဆင်ပြေအောင်
လက်ခံနိုင်စိတ် မွေးရတယ်... ...
ဒီတိုင်းလေးပဲ ရောင့်ရဲပါတယ်
အဆုံးတိုင်ထိ
ချစ်ခြင်းထဲပဲ လုံးလည်ချာလည်
အမုန်းနယ်စပ်တော့ ပြေးမကပ်ချင်လှဘူး... ... ။ ။
Posted by ရောင်ပြန် at 12:07 PM 0 ပဲ့တင်သံ
Labels: ကဗျာ
Tuesday, August 20, 2013
အဆိပ်ဖြစ်တဲ့ ၀ိုင်

ကောင်လေးရေ... ...
ငါ့ရဲ့ အချစ်တွေက
အပြစ်မြင်စရာ ဖြစ်ခဲ့ရင်... ။
ဒါမှမဟုတ်
နင့်အတွက်
အဆိပ်တွေ ဖြစ်ခဲ့ရင်လေ...။
အတွေးနဲ့တင်
နင့်ကို အရမ်းအားနာရပါတယ်...။
ဖြေဆေးဖော်ဖို့ ကြိုးစားရင်း
အဆိပ်ဖြစ်ဖြစ်သွားစေတဲ့အတွက်
ငါလည်း အရမ်းနာကျင်ခဲ့..
နာကျင်ဆဲပါပဲ....။
မသေချာမှုတွေ
စိစစ်မဆုံးခင်
နင်စာတမ်းထိုးပေးလိုက်တယ်
"The End" တဲ့...။ ။
Posted by ရောင်ပြန် at 12:15 PM 0 ပဲ့တင်သံ
Labels: ကဗျာ
Monday, August 19, 2013
Friday, January 1, 2010
Welcome 2010

The sky is crying and saying goodbye to 2009.
People are happy and saying hello to 2010.
But I am staying in my room quietly and
Wishing our country and the world to be peaceful.
I am praying our people to be happy, free from troubles and sufferings.
Posted by ရောင်ပြန် at 10:28 PM 3 ပဲ့တင်သံ
Thursday, October 8, 2009
ဒွိဟ

တိုက်ဆိုင်မှုရှိတိုင်း
သတိရ အမှတ်ရခြင်းဟာ
အလွမ်းဆိုရင်
မင်းကို လွမ်းနေတယ်ထင်ရဲ့နော်.....။
အချိန်တိုင်းလွမ်းနေတာ
အချစ်ရဲ့ တစိတ်တပိုင်းဆိုရင်တော့
မင်းကို ချစ်နေမိတယ် ထင်ရဲ့ကွယ်.....။
နေမယ်ဆိုရင်
ထာဝရ ပိုင်ဆိုင်ချင်ပေမယ့်
ထွက်သွားမယ်ဆိုရင်လည်း
ပျံသန်းခွင့် မင်းကို ပေးလိုက်မယ်
အရာရာ မင်းရဲ့အမိန့်တိုင်းသာ..........။
ရယူခြင်းနဲ့ စွန့်လွှတ်ခြင်းကြားမှာ
နှလုံးသားက စစ်မြေပြင်မဖြစ်သင့်တော့ဘူးလေ
နောက်တခါ နာကျင်ရရင်
တစစီ ကွဲကြေသွားလိမ့်မယ်............။
Posted by ရောင်ပြန် at 4:38 PM 5 ပဲ့တင်သံ
Labels: ကဗျာ
Saturday, October 3, 2009
တကယ်လို့သာ
တကယ်လို့သာ
တန်ခိုးရှင်တယောက်လို
အရာရာကို ကြိုတင်ပြီး
မြင်နိုင်စွမ်း
ရှိခဲ့ရင်ပေါ့လေ.......။
တကယ်လို့သာ
အခြေအနေ အသွယ်သွယ်
အကြောင်းအရာ အမျိုးမျိုးတွေကို
တဒင်္ဂလေး
ရပ်ထားနိုင်စွမ်း ရှိခဲ့မယ်ဆိုရင်လေ.......။
အချိန်တွေ ပြောင်းပြန်လှည့်
သက္ကရာဇ်တွေ ဖြိုချလို့
ပြက္ခဒိန်ကို ဆုတ်ဖြဲပစ်ရုံနဲ့
တကယ်လို့သာ
အတိတ်ကို ပြန်လို့ရခဲ့ရင်လေ.......။
အင်း....................
တကယ်လို့သာပေါ့လေ............။
Posted by ရောင်ပြန် at 3:30 PM 1 ပဲ့တင်သံ
Labels: ကဗျာ
Sunday, September 27, 2009
ခါးသက်သော

ရက်စက်တယ် ချစ်သူရယ်...
နှလုံးသားရဲ့ တနေရာထဲမှာ
တရှိုက်မက်မက်နဲ့
ရူးသွပ်ခဲ့ရတဲ့
နင့်ရဲ့အချစ်တွေအတွက်
ရလာဒ်က ခါးသီးလွန်းလို့..........။
မညီမျှတဲ့ ပြိုင်မျဉ်းနှစ်ခုကို
ဆုံမှတ်တခု သတ်မှတ်ချင်နေတဲ့ ငါ.....
နင့်အတွက်တော့
နိမိတ်ဆိုးတခု ဖြစ်ခနေမှာပါ...........။
နင့်ရဲ့ စကားလုံးတွေအောက်
မာနတွေအရည်ပျော်
သိက္ခာတွေ ချွတ်ခြုံကျ
ရင်ခုန်သံတခုတည်းကိုသာ ကဗျာစပ်ခဲ့သမျှ
ခုတော့ နှလုံးသားဝတ်ရုံအောက်မှာ
ချစ်ခြင်းဝတ်မှုံတွေ ပျောက်ခဲ့ပြီ.......။
နင်တကယ်မချစ်ဘူးဆိုတာ
ငါ့ဦးနှောက်က သိပေမယ့်
နှလုံးသားနဲ့ ဇွတ်မှိတ်ယုံတဲ့ထိ
ငါ တကယ် ရူးခဲ့တာလေ...........။
နင့်ကို ချစ်တယ်
ချစ်ခဲ့တယ်
ချစ်နေတုန်း..........
နင်က ရက်စက်တယ်
ရက်စက်ခဲ့တယ်
ရက်စက်နေအုံးမှာပဲ.................။
Posted by ရောင်ပြန် at 2:39 PM 3 ပဲ့တင်သံ
Labels: ကဗျာ
Friday, July 24, 2009
လူမဆန်တဲ့ လူ

အပြောချောချော
အသံချိုချို
ရိုးသားဟန်နဲ့
ယုံကြည်ခင်မင်မှုကို
အရယူသွားခဲ့တယ်...။
နှမချင်းမစာ
ကိုယ်ချင်းလည်း မနာ
အတ္တကို ငုံပြီးများ
မွေးလာလေသလား
ထင်မှတ်မှားရတယ်.......။
ကိုယ့်လိပ်ပြာမှ အားမနာ
ကိုယ့်သမိုင်းကိုယ်ရေးလို့
သူမို့ မရှက်တယ်...။
နိုင်ငံကြီးသားပီသပုံက
ငခုံးမတကောင်ကြောင့်
တလှေလုံးပုပ်တောင်
သူနဲ့မဆိုင်
နေနိုင်လွန်းတယ်...။
Posted by ရောင်ပြန် at 1:29 PM 8 ပဲ့တင်သံ
Labels: ကဗျာ
Tuesday, July 7, 2009
အမှတ်တရ တပိုင်းတစ
အမဖြစ်တဲ့ မငယ်ရေစင်က ရောင်ပြန်အတွက် မွေးနေ့မှာ စာတပုဒ်ရေးပေး ခဲ့ပါတယ်။ ဘ၀တကွေ့က အမှတ်တရ တပိုင်းတစလေးပါ... သူက ကျမကို ကတိတောင်းတယ် ဘာမှမဖျက်ပဲ မူရင်းအတိုင်းတင်ရင် ပေးမယ်တဲ့..။ ပထမတော့ စဉ်းစားသေးတယ် (စိတ်ပူလို့..)။ ဘာတွေ ပေါက်ကရ ရေးထား မလဲပေါ့လေ။ နောက်တော့ သဘောတူညီချက် ရသွားတယ်။ သူပို့လာပေး တော့ ကျမဖတ်နေရင်း တကယ် ပြန်ငိုမိတယ်။ ကတိအတိုင်း ကျမဘလော့ မှာ တင်လိုက်ပါတယ်။
အမှတ်တရ တပိုင်းတစ
အမှတ်တရ နေ့ကလေးတနေ့ပေါ့….. မနက်လေးနာရီလောက် တအိမ်လုံးမှာ ပျာယာခတ်လို့… နည်းနည်း အလှမ်းဝေးတဲ့ဆီမှာနေတဲ့ အဖိုးအဖွားတွေ ဘယ်အချိန်ရောက်မှန်းမသိ…. နိုးလာလို့ ကြားလိုက်တာက အဖေက ဆရာ မ သွားခေါ်နေတယ်တဲ့....
အိပ်ချင်မူးတူးနဲ့မှတ်မိတာက အိမ်အဆင့် ဘောင်လေးမှာမှီနေတုန်း… မေမေ က မဲပြာပြာ ကလေးပေါက်စလေးတယောက်ကို လောကထဲကို ၀င်ခွင့်ပြုခဲ့ တယ်…..
အဲဒီရက်က ၁၉၉၀ ဇူလိုင်လ ၁ ရက်နေ့… လင်းရောင်ပြန်လေးတခု စတင် အားယူတဲ့ နေ့တနေ့ပေါ့…
လောကထဲကို အသစ်စက်စက် ၀င်လာတဲ့လူသားလေးက အခြားမောင်နှမ တွေနဲ့ အသားရောင်မတူဘဲ (မဲပြာပြာကနေ နည်းနည်းအရောင်ပြောင်းလို့) ညိုညစ်ညစ်လေး ဖြစ်နေတယ်… နှုတ်ခမ်းလေး ထူထူလေးနဲ့ပေါ့… သူ့ကို အသဲလေးလို့ တအိမ်လုံးက ချစ်စနိုးလေးနဲ့ ၀ိုင်းခေါ်ကြတယ်….
လေးဘက်သွားတတ်.. ထိုင်တတ်တဲ့အရွယ်မှာ… ချမ်းသာတဲ့သူတွေမဟုတ် လို့… မိဘတွေက သူကလေးကို အစ်မတွေနဲ့ စိတ်ချလက်ချအပ်ပြီး ခြံထဲ အလုပ်သွားလုပ်ကြတယ်….
အစ်မတွေကလဲ ငယ်သေးတာမို့… ကလေးပီပီဆော့ကြတော့…. သူ့ကို စားပွဲ ပေါ်မှာတင်ပြီး ထိုင်စေခဲ့တယ်… သတိတချက်အလစ်မှာ သူစားပွဲပေါ်ကနေ ဆပ်ကပ်ပြပြီး ကျွမ်းထိုးချလိုက်တယ်…..
အသံကျယ်ကြီးကြောင့် ၀ိုင်းဖမ်းပေမဲ့ ပြန်မိတဲ့အချိန်မှာ သူ့နှုတ်ခမ်းမှာ နောင်ဘယ်တော့မှ ပြန်မလျော့တော့မယ့် အသီးလေး…. နှုတ်ခမ်း ထော် ထော်လေးနဲ့ပေါ့…
သူငယ်ငယ်တုန်းကတော့ ဥာဏ်လဲသိပ်ကောင်းတယ်တဲ့ (မိဘတွေအပြော အရ)…. သေချာမှတ်မိတာ တခုကတော့ အငယ်ဆုံး… အချစ်ဆုံးမို့ အလို လိုက်ခံရတဲ့သူ့က… သိပ်ကို အငေါ်တူးတယ်ဆိုတာဘဲ…. (နည်းနည်းဖြစ် စိတ်ကောက် စိတ်ဆိုး)။ ဒါပေမယ့် ဓါတ်ပုံရိုက်ရင်တော့ သိပ်အိုက်တင်ပေး တတ်တယ်.. ခေါင်းကလေး စောင်းစောင်း.. စောင်းစောင်းနဲ့…. အဲဒီအချိန် တုန်းက သူ့ကို ချစ်စနိုးနဲ့မေးတော့ အိုက်တင်စောင်း လေးပါတဲ့…..
သူများကလေးတွေနည်းတူ… အီအီးပါပြီး အီးတောထဲမှာလဲ သူလူးဖူးတယ်။ ထိန်းမယ့်သူ အဖေတယောက်တည်း ရှိတဲ့အချိန်… အဖေအိမ်သာသွားချင်လို့ သူ့ခြေထောက်ကို.. ကြိုးချည်ပြီးထားခဲ့တော့ ထရံကြားထဲကနေကျွံကျပြီး အောက်မှာ တွဲလောင်းဖြစ်နေတာကို ငိုသံမပေးဘဲ တိတ်တိတ်လေးလည်း နေတတ်တဲ့အကျင့်ရှိခဲ့ဖူးတယ်….
ကံကြမ္မာ အပြောင်းအလဲကြောင့် မိသားစုတွေ ဒုက္ခရောက်တော့ သူ့မှာ ကလေးဘ၀နဲ့မတန်တဲ့ အတွေ့အကြုံတွေ ခံစားခဲ့ရတယ်… (သူများကစား ချိန်မှာ သူ မကစားရ… သူများထမင်းစားချိန်မှာ ဗိုက်ဟောင်းလောင်းနဲ့ နေခဲ့ရ…. စသည်ဖြင့်..စသည်ဖြင့်..) အဲဒီတုန်းကတော့ သိပ်သနားစရာ ကောင်းတဲ့ ကောင်မလေးပေါ့…..
အခုတော့ အခက်အခဲတွေကို ကျော်လွှားပြီးတဲ့နောက်… သူ အသက် ၁၉ နှစ်ထဲဝင်လာပြီ….
အရင်တုန်းက နှုတ်ခမ်းထော်ထော်လေးက အခုတော့ သိပ်ချစ်စရာကောင်း နေသလို…အရင်တုန်းက အသားရောင်ညိုညစ်ညစ်လေးက အခုတော့လည်း ယဉ်ပြီး ပိုချစ်စရာကောင်းအောင် ထောက်ပံ့ပေးနေပြန်တယ်…..
အငေါ်တူးတာလေးတွေရဲ့နေရာမှာ… ပြေပြေပြစ်ပြစ်နဲ့ ချစ်စရာအသံလေး က နေရာယူလာပြန်တော့… လူချစ်လူခင်ပိုများလာစေတယ်…
ငယ်ငယ်ကအတိုင်း ပဲများတဲ့အကျင့်ကတော့ မပျောက်သေးပါဘူး… လူလစ် ရင်လစ်သလို ကင်မရာတစ်လုံးနဲ့ ကိုယ့်ကိုယ်ကိုယ် ပုံစံအမျိုးမျိုးနဲ့ ဓါတ်ပုံ ပြန်ရိုက်…. (မျက်နှာမသစ်သေးမီ… မျက်နှာသစ်ပြီးချိန်… အလှမပြင်မှီ… အလှပြင်ပြီးချိန်).. တခါမှကို ဓါတ်ပုံရိုက်လို့ မကျေနပ်နိုင်တဲ့ သူပေါ့….
အခုတော့လည်း ၁၉ နှစ်တိုင်တိုင် အားယူပြီးတဲ့နောက်မှာ အားဖြစ်လာတဲ့ အလင်းတန်းလေး…. ၁၉ နှစ်ပြည့်မွေးနေ့မှသည် ဘ၀တသက်တာကာလလုံး ဒုက္ခအပေါင်းမှ ကင်းဝေးပြီး အေးချမ်းလှပတဲ့… ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ…
ငယ်စဉ်က
အမှောင်ထဲမှာ…
အားယူခဲ့ရ….
ဒုက္ခတွေကြားမှာ…
ရှင်သန်ခဲ့ရ…
ပူလောင်မှုတွေကို…
အဖော်လုပ်ခဲ့ရ….
အလင်းတန်းတခုအဖြစ်စတင်လာချိန်….
ရင်ထဲကခံစားမှုတွေကို..
တန်ပြန်ဖို့အတွက်….
ပဲ့တင်သံတခုရဲ့လင်းရောင်ပြန်..
မငယ်ရေစင်…
ပို့စ်က အရမ်းရှည်လွန်းတော့... ဖတ်ရ အခက်အခဲ ဖြစ်နိုင်တဲ့အတွက် ကျန်တဲ့မွေးနေ့ဆုမွန်တွေကို ပို့စ်တခုနဲ့ ပြန်တင်ထားပါတယ်ရှင်။ မွေးနေ့ ဆုမွန်တွေကို ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်...။
Posted by ရောင်ပြန် at 2:43 PM 5 ပဲ့တင်သံ
Labels: ရသ
Wednesday, July 1, 2009
ရောင်ပြန်ရဲ့ မွေးနေ့ပွဲ
ဒီနေ့တော့ မွေးနေ့ ရောက်ပြီ.. မွေးနေ့ မရောက်ခင်တုန်းကတော့ စိတ်ကူးတွေ ယဉ်လို့... မွေးနေ့လည်းရောက်ရော.. ကိုယ့်မွေးနေ့ကိုတောင် ကိုယ်မေ့ချင် လောက်အောင်... အလုပ်တွေရှုပ် နေတာ.. တကယ်က အရှုပ်တွေ လုပ်နေတာပါ.. အဟဲ.. မနက်ပိုင်း မကျင်းပရပေမယ့် နေ့လယ်မရောက် ညနေမရောက်မှာပဲ စလိုက်တယ်... ကန့်လန့်ကြီးနော်.... အဟီး...
ကိုယ့်မွေးနေ့မို့လို့ ကိုယ့်စိတ်ကြိုက်ပဲ ကျွေးလိုက်တယ်နော်... အဟီး... အားရ ပါးရ လွတ်လွတ်လပ်လပ်သာ စားသွားကြနော်... မစားပဲနဲ့ မပြန်သွားကြနဲ့ နော်... စိတ်ဆိုးမယ်.. ဒါပဲ ဒါပဲ...
ကြေးအိုးလည်း သောက်သွားနော်......

အ၀စားနော်... တဆိုင်လုံး သိမ်းထားတာ...

ဒါက ဆီကျက် ခေါက်ဆွဲ......

မုန့်ဟင်းခါးလည်း လွေးသွားနော်.....

ဒါလည်း စားသွားပါရှင်.....

တို့ဟူးသုတ်လည်း စားသွားပါနော်....

ပီဇာလည်း စားသွားအုံးလေ......

အအီပြေအောင် အသီးလည်းစား......

အချိုရည်လည်းသောက်.......

ရေခဲမုန့်လည်း လွေးသွားနော်.....

ဒါကတော့ သူများ လက်ဆောင်ပေးလာတာ...
အများကြီးပဲ... ၀ိုင်းသောက်သွားနော်....


ကဲ ကိုယ်ကြိုက်တာတွေနဲ့လည်း ဧည့်ခံပြီးသွားပြီ.... အကုန်အကျလား.. သိပ်မများပါဘူး.. အားလုံး Google က မှာထားတာချည်းပဲ... စိတ်မပူနဲ့.... ကဲ... အားလုံး ကျေနပ် ပျော်ရွှင်ပါစေနော်... ရောင်ပြန်လည်း ပျော်တယ်....။
သြော်... မေ့တော့မလို့... မွေးနေ့လက်ဆောင်တွေကိုတော့.. နောက်ပို့စ် တခုနဲ့ ကြွားတော့မယ်နော်...အဟီး..
Posted by ရောင်ပြန် at 3:08 PM 31 ပဲ့တင်သံ
Labels: မွေးနေ့
Sunday, June 21, 2009
ဝေဒနာ

နာကျင်မှုကို အဖော်ပြုလို့
ပန်းတိုင်သို့တခေါက်
အရောက်သွားနေချိန်.....။
ပျော်ရွှင်မှုတွေလွင့်ပြေး
ခန္ဓာကိုယ်တခုလုံးပဲ့ကြွေမတတ်
ရင်တခုလုံးကွဲအက်လို့
ကံကြမ္မာ မျက်လှည့်ကြောင့်
ငါ့ကောင်းကင်ကြီးက မှောင်နေခဲ့ပြီ......။
ခါးသီးမှုဒဏ်ကို မြိုသိပ်ခံရင်း
မတော်လို့များ
ဦးတည်ရာ လမ်းခုလတ်မှာ
ငါ... ကြွေခဲ့ရင်လေ.......။
Posted by ရောင်ပြန် at 3:18 PM 16 ပဲ့တင်သံ
Labels: ကဗျာ
Friday, June 19, 2009
ပန်းကလေးတွေရဲ့ ကောင်းကင်

နွေးထွေးမှုနဲ့ အားအင်ပေးပြီး
မြင်သူတိုင်း ရင်အေးချမ်းစေတဲ့
ကောင်းကင်.....
တခါတခါ
ဖြူလွှလွှ တိမ်စိုင်တွေဝန်းရံလို့...
တောက်ပတဲ့နေ့သစ်တွေ ဖန်တီးပြီး
အလှကြီးလှနေတဲ့ ကောင်းကင်.....
အနွေးဓါတ်နဲ့ အေးချမ်းမှုတွေ
တလှည့်စီပေးနေတဲ့
ဒီကောင်းကင်ကြီးရဲ့ ရင်ငွေ့အောက်မှာပဲ
ပန်းကလေးတွေ
ရှင်သန်ဖူးပွင့်နေကြလေရဲ့..........
ကောင်းကင်ကြီးက မိခင်ဆို
ပန်းကလေးတွေက ရင်သွေးငယ်ပေါ့....
တနေ့မှာ
ညစ်ပုပ်နေတဲ့ တိမ်မဲတွေက
မိခင်နဲ့ ရင်သွေးကြားမှာ
ကန့်လန့်ကာထားလိုက်ပြီး
ကောင်းကင်ကြီးက
အကျည်းတန်စွာ ချုပ်နှောင်ခံလိုက်ရသလို
လတ်ဆတ်တဲ့ ပန်းကလေးတွေဟာလည်း
အဆိပ်သင့်ခဲ့ရတယ်လေ.....
ဒါပေမယ့်လေ....
အချိန်တန်ရင်တော့
တိမ်ပုပ်တွေက
လေနဲ့အတူလွင့်သွားမှာပါပဲ
အဲဒီအချိန်မှာ
အနှောင်အဖွဲ့ကင်းပြီး
ကြည်လင်လှပနေတဲ့ ကောင်းကင်တခုကို
ဘယ်တော့များမှ
ပန်းကလေးတွေ မြင်နိုင်စွမ်းရှိမလဲနော်...........။
Posted by ရောင်ပြန် at 10:34 AM 6 ပဲ့တင်သံ
Labels: ကဗျာ
Tuesday, June 16, 2009
တချိန်ကဒုက္ခ ခုတော့ဟာသတဲ့
အကိုတော်ကတော့ စိတ်ဆိုးလေရဲ့.. အဲလေ စိတ်မကောင်းဖြစ်ပါလေရဲ့.. သူ့ကို မခင်ဘူးပေါ့.. ဒါနဲ့ မနည်းတောင်း ပန်(စကောပန်) လိုက်ပါတယ်.. ဟုတ်တယ်လေ.. မဲ့နေရင် လှမှမလှပဲ.. :P :P :P... တချိန်ကဒုက္ခ ခုတော့ဟာသတွေကတော့ အများသားပဲ (ပြောချင် လွန်းလို့ စကားစတာ.) .. ဒါပေမယ့် အမှတ်အရဆုံးကိုပဲ ပြောမယ်နော်.. ဟီးဟီး (လေရှည်တာလေ).. ဒီလို.. ဒီလို...
ရောင်ပြန်က အအိပ်မက်တယ်သိလား.... ကျောင်းစာနဲ့ပတ်သက်ရင်ပိုဆိုး.. အိပ်ဆေးစားမိသလိုပဲ.. စာအုပ်နဲ့ မျက်နှာနဲ့အပ်ရင် အိပ်ပျော်ပြီသာမှတ်..။ ဆယ်တန်းရောက်မှ ရောဂါက ပိုဆိုးလာတယ်ပြောရမယ်... (အဲဒီထဲမှာ ၀တ္ထု စာအုပ်တို့ မပါဘူးနော်. :).. )။ ဆယ့်နှစ်ရာသီ အိပ်ငိုက်နေတာပဲ..။ ညဆို 7 နာရီမထိုးသေးဘူး.. ငိုက်ပြီလေ.. (ဆိုးတယ်နော်).. ညမှမဟုတ်ပါဘူး.. ဘယ် အချိန်ဖြစ်ဖြစ်.. စာအုပ်ဖွင့်လိုက်တာနဲ့ ငိုက်တာပဲ...
ကျောင်းက နယ်မှာနေတာလေ.. (မွန်ပြည်နယ်ပေါ့).. ရှုခင်းတွေက အရမ်း လှ.. တောင်ခြေနားဆိုတော့.. သစ်ပင်တွေကများ.. အရိပ်ကလည်းအရမ်း ကောင်းတာ.. အမေ့ကို ခြံထဲမှာစာဖတ်မယ်လို့ပြောပြီး ခြံထဲက ယာယီနားဖို့ လုပ်ထားတဲ့ တဲလည်းရောက်ရော.. ငိုက်တော့တာပဲ.. လေလေးကလည်း တဖြူးဖြူးနဲ့ ဆိုတော့လေ.. စာအုပ်ခေါင်းအုံးပြီး တခေါခေါနဲ့.. (သွားရည် တော့ မယိုဘူးနော်.. ကြိုပြောထားတာ) မေမေစိတ်ပူလို့ လိုက်လာရင် (သူ့ သမီးအကြောင်း သိတာကိုး).. ဆူခံထိပြီမှတ်...
ညဆိုလည်း ဒီလိုပဲ.. သင်္ချာတွက်ရင် စာရွက်နဲ့မတွက်ဘူး.. ကျောက်သင်ပုန်း နဲ့တွက်တာ.. (ကိုယ်က အကြံနဲ့လေ).. စာရွက်နဲ့တွက်လို့ မေမေက အသံမ ကြားရရင် လာလာချောင်းနေမှာစိုးလို့.. ကျောက်သင်ပုန်းကို တတောက် တောက်နဲ့ မြည်အောင်ခေါက်ရင်း ထိုင်ရက်ငိုက်နေတာ.. (မသိရင်တော့ စာ လုပ်နေတာပေါ့).. ဒါပေမယ့် မေကလည်း ဆရာမဟောင်းဆိုတော့ လည် တယ်လေ... တရေးနိုးရင် လာလာချောင်းတာ.. (အဲလောက်ထိ ယုံတာ.. အဟိ).. တောက်ခနဲဆို ခေါင်းက ပူထွက်သွားတာပဲ.. ကြည့်လိုက်တော့ မေမေ.. မိပြန်ပြီပေါ့.. မေမေကလည်း တတ်နိုင်သမျှတော့ ဖြည့်ဆည်းပေး ရှာပါတယ်.. lemon tea ယူမလား.. အချဉ်ထုတ်ယူမလား.. သံပုရာသီးယူ မလား.. အကုန်ဝယ်ပေးတယ်.. လက်ဖက်သုပ်ရောပဲ.. (မအိပ်ငိုက်ရင်ပြီး ရော)
ခက်တာက ကိုယ်ကလည်း ရာဇ၀င်နဲ့လေ.. သံပုရာသီးစားလို့ ချဉ်ပြီးယောင် လို့ မျက်စိမှိတ်မိရင် ပြန်မဖွင့်ချင်တော့ဘူး.. တခြားဟာတွေလည်း ထိုနည်း လည်းကောင်းပဲ.. အစာကုန်တာနဲ့ ငိုက်တာပဲ.. မျက်နှာသစ်တာလည်း အခါ ခါ.. ဒီနေ့ ၀အောင်အိပ်မယ်လေ.. မနက်ဖြန်ကစပြီး ကြိုးစားတော့ မယ်ပေါ့... အဲလိုနဲ့ ... မနက်ဖြန်တွေများပြီး စာမေးခါနီး.. စာမေးပွဲဖြေခါနီးမှ ကပ်လုပ် တာ.. (ဒီနေရာမှာ တပွဲတိုးဥာဏ်က မကောင်းပေမယ့် အကူအညီတော့ ဖြစ်သား)...
ကျောင်းမှာ Night Study လုပ်တော့လည်း ဒီတိုင်းပဲ.. သူငယ်ချင်းတွေစုပြီး.. တယောက်တလှည့်... ခိုးအိပ်တာလေ.. (ခုံအောက်မှာ)..ကျန်တဲ့သူက ဆရာ တွေလာမလာ ကင်းစောင့်ရတာပေါ့... ဒါတောင် သူငယ်ချင်းတွေစုပြီး အချဉ် သီးတွေ... အချဉ်ထုပ်တွေသယ်လာပြီး ... ရိက္ခာအပြည့်အစုံနဲ့... အိပ်ကြ တာ.. အဟဲ... ဆရာတွေ အားထားတဲ့ မျက်နှာမှ မထောက်နော်.... ဒါပေ မယ့် ဘယ်တတ်နိုင်မလဲလေ.. သူက ငိုက်တာကိုး...
ညဆို 11 နာရီ... 12 နာရီလောက်မှ အိပ်... မနက်ဆို... 4 နာရီထရပြီ... ကျောင်းက ဘုန်းကြီးကျောင်းနဲ့ ကပ်ရက်ဆိုတော့ သိတဲ့အတိုင်းပဲ... အဲဒီချိန် ဆို မီးစက်နှိုးပြီ.. မျက်နှာသစ်.. သွားတိုက်.. စာကြည့်ကြရတာ... ဆရာတွေ လည်း ဒုက္ခခံရတာပါပဲ.. အရမ်းသနားဖို့ကောင်းတယ်... လစာလည်းပိုပြီး မရဘူး.. ကျောင်းသားတွေနဲ့ တူတူ ကျောင်းမှာ လာနေရတယ်.. တပည့်တွေ အိပ်မှ အိပ်ရတယ်... ကျောင်းသားတွေ ထရင် ထရတယ်... နားမလည်တဲ့ စာတွေဆို.. ရုံးခန်းကိုသွားပြီး.. ဘာသာရပ်ဆိုင်ရာအလိုက် ဆရာတွေ သွား ခေါ်ရှင်းပြခိုင်းရုံပဲ... တခါတလေမှသွားခေါ်ရတာပါ... အများသောအားဖြင့် ကျောင်းဝင်းထဲမှာ round လှည့်နေတတ်တာ.. လှမ်းခေါ်လိုက်ရုံပဲ.. ပျော်ဖို့ လည်း ကောင်းပါတယ်.... ညဆယ်နာရီဆို.. ကျောင်းသား မိဘတွေက.. အလှည့်ကျ လာကျွေးတဲ့ မုန့်တွေလည်း စားရသေးတယ်.... ( ပြောရင်းနဲ့ သတိရလာပြီ.. :(...)
သူတို့လည်း တပည့်တွေကို ပြန်သနားနေကြတာလေ.... ဆူလည်း မဆူရက် ပေမယ့်.. သူတို့မျက်နှာကို တမင်ပြင်ပြီး.. ဆူကြတာလေ.. တပည့်တွေ ကတော့ မျက်နှာငယ်နဲ့ပေါ့.. (ငိုက်ချင်ဦးဟဲ့).... ဆရာအဆူခံပြီး.. ဒုက္ခခံပြီး ခိုးအိပ်လိုက်.... အတင်းမျက်လုံးဖြဲပြီး စာကျက်လိုက်နဲ့.. စာမေးပွဲလည်းပြီး ရော.. မျက်လုံးက ညညဆို အိပ်မပျော်ဘူး.. (အကျင့်မကောင်းလိုက်တာ များ.. ကြည့်ပါဦး).. ခုချိန်ပြန်ပြောတော့ ရယ်စရာဖြစ်ရော.... ဆရာတွေနဲ့ တွေ့ရင်.. သူငယ်ချင်းအချင်းချင်းတွေ့ရင် အဲဒီတုန်းက အကြောင်းတွေ ပြန် ပြောပြီး ရယ်ကြ.... အဲဒီတုန်းက သူငိုက်တာက ဘယ်လို.. ငါခိုးအိပ်တာက ဘယ်လို.. ဆရာတွေက ဘယ်လိုပြောပြီးဆူတာနဲ့.. ပြန်ပြောပြီးရယ်ကြရော၊ ပြန်ပြောတိုင်းလည်း... ဆရာတွေ... သူငယ်ချင်းတွေနဲ့ အဲဒီအချိန်ကို သတိရ တယ်.. ဒုက္ခများပေမယ့်.. တကယ့်... မိသားစုလိုပဲ အရမ်းနွေးထွေးကြတာ... ဆရာ.. ဆရာမတွေက အဖေ အမေပေါ့ (တခါတလေ သူငယ်ချင်းလိုပဲ)... သူငယ်ချင်းတွေကတော့ မောင်နှမတွေလေ...
ကဲ... ကိုဂစ်တာကြီးရေ... ကျေပြီနော်... :) ဒီလို ပြန်နေတော့... :P :P :P
Posted by ရောင်ပြန် at 4:34 PM 6 ပဲ့တင်သံ
Labels: တက်ဂ်
သုည

ဓနဂုဏ်မောက်ရအောင်
မချမ်းသာပါဘူးကွာ
ထမင်းတောင် နပ်မှန်အောင်
မနည်းရှာစားနေရတာ
ရွှေငွေဆိုတာ နတ္ထိပေါ့.........
ဆရာကြီးစတိုင်နဲ့နေရအောင်
ပညာတတ်ကြီးမဟုတ်ပါဘူးကွာ
ပြောချင်တာတွေကို
စီကာပတ်ကုံးပြောနိုင်ဖို့တောင်
အတော်ကြိုးစားယူရတာ.......
အလှမာန်တက်ရအောင်
ရုပ်လည်းမချောပါဘူးကွာ
တိတ်တခိုးချစ်သူကို
ဆက်ချစ်နေဖို့တောင်
အလိုလို သိမ်ငယ်နေရတဲ့အဖြစ်ပါ......
အရေးအသားကောင်းရအောင်
စာရေးဆရာကြီးလည်း မဟုတ်ပါဘူးကွာ
စိတ်ထဲရှိတာတွေကို
စာကဗျာတွေဖြစ်ဖို့တောင်
အနိုင်နိုင် အသွင်ပြောင်းနေရဆဲပါ.....
Posted by ရောင်ပြန် at 11:41 AM 10 ပဲ့တင်သံ
Labels: ကဗျာ
Monday, June 15, 2009
သုံးရာသီ

နွေရာသီမှာ
တချိန်က ပျော်ရွှင်မှုကိုတွေးမိရင်
ကန္တာရထဲက အိုအေစစ်လို
ငါ့ကို အေးချမ်းမှုပေးစွမ်းတယ်....
ဆောင်းရာသီမှာ
တချိန်က လွတ်လပ်မှုတွေကို သတိရမိတိုင်း
လေပြေညှင်းလေးလို
ငါ့ကို လန်းဆန်းလတ်ဆတ်စေတယ်....
မိုးရာသီမှာ
တချိန်က နွေးထွေးမှုတွေက အတွေးထဲနေရာယူတိုင်း
တောက်ပတဲ့နေ့သစ်တွေလို
ငါ့ကို အဓိပ္ပါယ်အပြည့်နဲ့ ရှင်သန်စေတယ်.....
ရာသီတိုင်းမှာ
တချိန်က ပြယုဂ်တွေက
ကျန်သက်တမ်းမှာ
ငါ့ကို မျှော်လင့်ချက်နဲ့ အားပြည့်စေတယ်လေ...........
Posted by ရောင်ပြန် at 3:04 PM 2 ပဲ့တင်သံ
Labels: ကဗျာ
Saturday, June 13, 2009
ရောင်ပြန်ရဲ့ ၀ါသနာတွေ
ကျမရဲ့ ၀ါသနာတွေက ခပ်များများရယ်။ (ပါလေ ရာ ငပိချက်တော့ မဟုတ်ပါဘူး).. ရေတက် ငါးဇင်ရိုင်းလေ.. ရေတက်တုန်း တချက်ပဲ... အဟက်။ ၀ါသနာတွေကဒီလို.....
စာရေး.. စာဖတ်က ကျမရဲ့ အဓိက ၀ါသနာပဲလို့ ဆိုရမယ်ထင်တယ်.. (ကျောင်းစာမပါနော်.. ဟီး) စိတ်ကူးပေါက်ရင် စာရေးလေ့ရှိတယ်.. ကဗျာတွေစပ်တယ်.. (ကောင်းတာ မကောင်းတာ အပထား).. စာတိုပေစ မကျန် စိတ်ဝင်စားရင် အကုန်လိုက်ဖတ်တယ်...
သီချင်း နားထောင်တာလည်း ကျမရဲ့ ၀ါသနာတခုပဲ... အိပ်မပျော်တဲ့ ညတွေဆို သီချင်းနားထောင်ပြီး အိပ်ပစ် လိုက်တယ်။ စိတ်တိုရင် ပိုဆိုး.. သီချင်း အကျယ်ကြီး ဖွင့်ထားတတ်တယ်.. စိတ်လိုရင်တော့ သီချင်း လိုက်ဆို တတ်တယ် (သူများကို နားဒုက္ခ ပေးတာလေ)။
ကွန်ပြူတာ ရှေ့ထိုင်ပြီး.. လျှောက်ကလိ ရတာလည်း ၀ါသနာ တမျိုးပဲ။ ဂိမ်း ကစားချင် ကစားမယ်.. စာရေးချင် ရေးနေမယ်.. ဆိုဒ်တကာ ရောက်ချင် ရောက်နေမယ်... photoshop ကစားချင် ကစားနေမယ်.. အင်တာနက် ပေါ်ကနေ မရောက်ဖူးတဲ့ နေရာတွေကို ငေးချင်ငေးနေမယ်.. တခါတလေ ကလိလွန်ပြီး.. ဗိုင်းရပ်စ် ၀င်တာလည်းရှိ.. ပရိုဂရမ် တခုကို နှစ်ခါ သွင်းတာလည်းရှိ.. ရှိတဲ့ ပရိုဂရမ်တွေ ဖြုတ်ပစ်တာလည်းရှိ (အေးရော..) ကွန်ပြူတာ ပညာရှင်ကြီး ဖြစ်ချင်တယ်လေ.. (ခုထိတော့ ဘာမှကို မတတ် သေးတာ)
ဟင်းချက် တာတော့ ၀ါသနာပါတယ်.. ဒါပေမယ့် တယောက်တည်း စိတ်လိုလက်ရ ရှိတဲ့အချိန်မှ..။ ကျန်တဲ့ အချိန်ဆို မေမေ့ကိုပဲ အပူကပ်တာ... (ကလေး လုပ်နေကျ.. ရုပ်ကြမ်းကြီးနဲ့ နွဲ့တာလေ.. :P)။ ကိုယ် စိတ်လိုတဲ့ အချိန်ဆို ငါးပဲဆီပေါင်းက ငါးပြုတ်ဖြစ်သွားလည်း ကောင်းနေတာပဲ.. ဟီး...
စိုက်ပျိုးရေး လုပ်တာလည်း ကြိုက်တယ်.. စီးပွားဖြစ် မဟုတ်ဘူးနော်.. ကိုယ် နိုင်သလောက်ပေါ့.. ကိုယ် စိုက်ထားတဲ့ အပင်က အသီး အရွက် တွေက ပိုချိုသလိုပဲ :P.. ပန်းကလည်း ပိုလှသလိုပဲ.. ခုအိမ်မှာဆို ရှိတဲ့ လက်တ၀ါးစာ မြေကွက်ထဲမှာ စိုက်ထားတာ စုံနေတာပဲ.. (ငရုတ်၊ ချဉ်ပေါင်၊ ကန်စွန်း၊ မြင်းခွါရွက်၊ ဆနွင်းရွက်၊ ငွေပန်း၊ နှင်းဆီ၊ စံပယ်၊ သစ်ခွ.. စသဖြင့်ပေါ့).. ဒါတင်မက သူများ စိုက်ထားတာ တွေပါ မျက်စိစူးချင်သေး....
ခရီးထွက် ရတာလည်း ကြိုက်တယ်.. (အမေ သိရင်တော့ ပြောတတ်တဲ့ ပါးစပ်လေးလို့ ဆုပေးနေမှာ).. သူငယ်ချင်း တွေနဲ့.. မိသားစုနဲ့.. ခရီးထွက် တာတို့ဆို အသေပျော်ပေါ့.. ဟွန်း (မှတ်ရော)။
အေးအေးဆေးဆေး နေချင်တာလည်း ၀ါသနာ တမျိုးပဲ ထင်တယ်နော်.. ကျမက လူကြောက်တယ် (ခင်လို့ လေပေါ တတ်တာက လွဲလို့).. တော်ရုံဆို စကား မပြောရဲဘူး (ချွင်းချက်.. အွန်လိုင်း မပါနော် :P) လူများတဲ့ နေရာ ကိုဆို မသွားချင်ဘူး.. တယောက်တည်းဆို ပိုဆိုး.. တိတ်ဆိတ်တဲ့ နေရာ လေးမှာ တယောက်တည်း တွေးနေ၊ ငေးနေ၊ ဆွေးနေချင်တာ။
ဓါတ်ပုံ ရိုက်တာလည်း ၀ါသနာပဲ.. (ကိုယ်က ရိုက်တာရော.. အရိုက်ခံရ တာကော.. ဓါတ်ပုံကို ပြောတာနော်).. ရုပ်သာဆိုးတာ.. ဟီးဟီး...။
မမရေ ဒီလောက်ဆို တော်ပြီနော်.. ဘယ်သူ့ကိုမှတော့ ထပ် မတက်ဂ်တော့ ပါဘူး... :P :P :)
Posted by ရောင်ပြန် at 1:48 PM 8 ပဲ့တင်သံ
Labels: တက်ဂ်









