
တိုက်ဆိုင်မှုရှိတိုင်း
သတိရ အမှတ်ရခြင်းဟာ
အလွမ်းဆိုရင်
မင်းကို လွမ်းနေတယ်ထင်ရဲ့နော်.....။
အချိန်တိုင်းလွမ်းနေတာ
အချစ်ရဲ့ တစိတ်တပိုင်းဆိုရင်တော့
မင်းကို ချစ်နေမိတယ် ထင်ရဲ့ကွယ်.....။
နေမယ်ဆိုရင်
ထာဝရ ပိုင်ဆိုင်ချင်ပေမယ့်
ထွက်သွားမယ်ဆိုရင်လည်း
ပျံသန်းခွင့် မင်းကို ပေးလိုက်မယ်
အရာရာ မင်းရဲ့အမိန့်တိုင်းသာ..........။
ရယူခြင်းနဲ့ စွန့်လွှတ်ခြင်းကြားမှာ
နှလုံးသားက စစ်မြေပြင်မဖြစ်သင့်တော့ဘူးလေ
နောက်တခါ နာကျင်ရရင်
တစစီ ကွဲကြေသွားလိမ့်မယ်............။
Thursday, October 8, 2009
ဒွိဟ
Posted by ရောင်ပြန် at 4:38 PM 5 ပဲ့တင်သံ
Labels: ကဗျာ
Saturday, October 3, 2009
တကယ်လို့သာ
တကယ်လို့သာ
တန်ခိုးရှင်တယောက်လို
အရာရာကို ကြိုတင်ပြီး
မြင်နိုင်စွမ်း
ရှိခဲ့ရင်ပေါ့လေ.......။
တကယ်လို့သာ
အခြေအနေ အသွယ်သွယ်
အကြောင်းအရာ အမျိုးမျိုးတွေကို
တဒင်္ဂလေး
ရပ်ထားနိုင်စွမ်း ရှိခဲ့မယ်ဆိုရင်လေ.......။
အချိန်တွေ ပြောင်းပြန်လှည့်
သက္ကရာဇ်တွေ ဖြိုချလို့
ပြက္ခဒိန်ကို ဆုတ်ဖြဲပစ်ရုံနဲ့
တကယ်လို့သာ
အတိတ်ကို ပြန်လို့ရခဲ့ရင်လေ.......။
အင်း....................
တကယ်လို့သာပေါ့လေ............။
Posted by ရောင်ပြန် at 3:30 PM 0 ပဲ့တင်သံ
Labels: ကဗျာ
Sunday, September 27, 2009
ခါးသက်သော

ရက်စက်တယ် ချစ်သူရယ်...
နှလုံးသားရဲ့ တနေရာထဲမှာ
တရှိုက်မက်မက်နဲ့
ရူးသွပ်ခဲ့ရတဲ့
နင့်ရဲ့အချစ်တွေအတွက်
ရလာဒ်က ခါးသီးလွန်းလို့..........။
မညီမျှတဲ့ ပြိုင်မျဉ်းနှစ်ခုကို
ဆုံမှတ်တခု သတ်မှတ်ချင်နေတဲ့ ငါ.....
နင့်အတွက်တော့
နိမိတ်ဆိုးတခု ဖြစ်ခနေမှာပါ...........။
နင့်ရဲ့ စကားလုံးတွေအောက်
မာနတွေအရည်ပျော်
သိက္ခာတွေ ချွတ်ခြုံကျ
ရင်ခုန်သံတခုတည်းကိုသာ ကဗျာစပ်ခဲ့သမျှ
ခုတော့ နှလုံးသားဝတ်ရုံအောက်မှာ
ချစ်ခြင်းဝတ်မှုံတွေ ပျောက်ခဲ့ပြီ.......။
နင်တကယ်မချစ်ဘူးဆိုတာ
ငါ့ဦးနှောက်က သိပေမယ့်
နှလုံးသားနဲ့ ဇွတ်မှိတ်ယုံတဲ့ထိ
ငါ တကယ် ရူးခဲ့တာလေ...........။
နင့်ကို ချစ်တယ်
ချစ်ခဲ့တယ်
ချစ်နေတုန်း..........
နင်က ရက်စက်တယ်
ရက်စက်ခဲ့တယ်
ရက်စက်နေအုံးမှာပဲ.................။
Posted by ရောင်ပြန် at 2:39 PM 3 ပဲ့တင်သံ
Labels: ကဗျာ
Friday, July 24, 2009
လူမဆန်တဲ့ လူ

အပြောချောချော
အသံချိုချို
ရိုးသားဟန်နဲ့
ယုံကြည်ခင်မင်မှုကို
အရယူသွားခဲ့တယ်...။
နှမချင်းမစာ
ကိုယ်ချင်းလည်း မနာ
အတ္တကို ငုံပြီးများ
မွေးလာလေသလား
ထင်မှတ်မှားရတယ်.......။
ကိုယ့်လိပ်ပြာမှ အားမနာ
ကိုယ့်သမိုင်းကိုယ်ရေးလို့
သူမို့ မရှက်တယ်...။
နိုင်ငံကြီးသားပီသပုံက
ငခုံးမတကောင်ကြောင့်
တလှေလုံးပုပ်တောင်
သူနဲ့မဆိုင်
နေနိုင်လွန်းတယ်...။
Posted by ရောင်ပြန် at 1:29 PM 8 ပဲ့တင်သံ
Labels: ကဗျာ
Tuesday, July 7, 2009
အမှတ်တရ တပိုင်းတစ
အမဖြစ်တဲ့ မငယ်ရေစင်က ရောင်ပြန်အတွက် မွေးနေ့မှာ စာတပုဒ်ရေးပေး ခဲ့ပါတယ်။ ဘ၀တကွေ့က အမှတ်တရ တပိုင်းတစလေးပါ... သူက ကျမကို ကတိတောင်းတယ် ဘာမှမဖျက်ပဲ မူရင်းအတိုင်းတင်ရင် ပေးမယ်တဲ့..။ ပထမတော့ စဉ်းစားသေးတယ် (စိတ်ပူလို့..)။ ဘာတွေ ပေါက်ကရ ရေးထား မလဲပေါ့လေ။ နောက်တော့ သဘောတူညီချက် ရသွားတယ်။ သူပို့လာပေး တော့ ကျမဖတ်နေရင်း တကယ် ပြန်ငိုမိတယ်။ ကတိအတိုင်း ကျမဘလော့ မှာ တင်လိုက်ပါတယ်။
အမှတ်တရ တပိုင်းတစ
အမှတ်တရ နေ့ကလေးတနေ့ပေါ့….. မနက်လေးနာရီလောက် တအိမ်လုံးမှာ ပျာယာခတ်လို့… နည်းနည်း အလှမ်းဝေးတဲ့ဆီမှာနေတဲ့ အဖိုးအဖွားတွေ ဘယ်အချိန်ရောက်မှန်းမသိ…. နိုးလာလို့ ကြားလိုက်တာက အဖေက ဆရာ မ သွားခေါ်နေတယ်တဲ့....
အိပ်ချင်မူးတူးနဲ့မှတ်မိတာက အိမ်အဆင့် ဘောင်လေးမှာမှီနေတုန်း… မေမေ က မဲပြာပြာ ကလေးပေါက်စလေးတယောက်ကို လောကထဲကို ၀င်ခွင့်ပြုခဲ့ တယ်…..
အဲဒီရက်က ၁၉၉၀ ဇူလိုင်လ ၁ ရက်နေ့… လင်းရောင်ပြန်လေးတခု စတင် အားယူတဲ့ နေ့တနေ့ပေါ့…
လောကထဲကို အသစ်စက်စက် ၀င်လာတဲ့လူသားလေးက အခြားမောင်နှမ တွေနဲ့ အသားရောင်မတူဘဲ (မဲပြာပြာကနေ နည်းနည်းအရောင်ပြောင်းလို့) ညိုညစ်ညစ်လေး ဖြစ်နေတယ်… နှုတ်ခမ်းလေး ထူထူလေးနဲ့ပေါ့… သူ့ကို အသဲလေးလို့ တအိမ်လုံးက ချစ်စနိုးလေးနဲ့ ၀ိုင်းခေါ်ကြတယ်….
လေးဘက်သွားတတ်.. ထိုင်တတ်တဲ့အရွယ်မှာ… ချမ်းသာတဲ့သူတွေမဟုတ် လို့… မိဘတွေက သူကလေးကို အစ်မတွေနဲ့ စိတ်ချလက်ချအပ်ပြီး ခြံထဲ အလုပ်သွားလုပ်ကြတယ်….
အစ်မတွေကလဲ ငယ်သေးတာမို့… ကလေးပီပီဆော့ကြတော့…. သူ့ကို စားပွဲ ပေါ်မှာတင်ပြီး ထိုင်စေခဲ့တယ်… သတိတချက်အလစ်မှာ သူစားပွဲပေါ်ကနေ ဆပ်ကပ်ပြပြီး ကျွမ်းထိုးချလိုက်တယ်…..
အသံကျယ်ကြီးကြောင့် ၀ိုင်းဖမ်းပေမဲ့ ပြန်မိတဲ့အချိန်မှာ သူ့နှုတ်ခမ်းမှာ နောင်ဘယ်တော့မှ ပြန်မလျော့တော့မယ့် အသီးလေး…. နှုတ်ခမ်း ထော် ထော်လေးနဲ့ပေါ့…
သူငယ်ငယ်တုန်းကတော့ ဥာဏ်လဲသိပ်ကောင်းတယ်တဲ့ (မိဘတွေအပြော အရ)…. သေချာမှတ်မိတာ တခုကတော့ အငယ်ဆုံး… အချစ်ဆုံးမို့ အလို လိုက်ခံရတဲ့သူ့က… သိပ်ကို အငေါ်တူးတယ်ဆိုတာဘဲ…. (နည်းနည်းဖြစ် စိတ်ကောက် စိတ်ဆိုး)။ ဒါပေမယ့် ဓါတ်ပုံရိုက်ရင်တော့ သိပ်အိုက်တင်ပေး တတ်တယ်.. ခေါင်းကလေး စောင်းစောင်း.. စောင်းစောင်းနဲ့…. အဲဒီအချိန် တုန်းက သူ့ကို ချစ်စနိုးနဲ့မေးတော့ အိုက်တင်စောင်း လေးပါတဲ့…..
သူများကလေးတွေနည်းတူ… အီအီးပါပြီး အီးတောထဲမှာလဲ သူလူးဖူးတယ်။ ထိန်းမယ့်သူ အဖေတယောက်တည်း ရှိတဲ့အချိန်… အဖေအိမ်သာသွားချင်လို့ သူ့ခြေထောက်ကို.. ကြိုးချည်ပြီးထားခဲ့တော့ ထရံကြားထဲကနေကျွံကျပြီး အောက်မှာ တွဲလောင်းဖြစ်နေတာကို ငိုသံမပေးဘဲ တိတ်တိတ်လေးလည်း နေတတ်တဲ့အကျင့်ရှိခဲ့ဖူးတယ်….
ကံကြမ္မာ အပြောင်းအလဲကြောင့် မိသားစုတွေ ဒုက္ခရောက်တော့ သူ့မှာ ကလေးဘ၀နဲ့မတန်တဲ့ အတွေ့အကြုံတွေ ခံစားခဲ့ရတယ်… (သူများကစား ချိန်မှာ သူ မကစားရ… သူများထမင်းစားချိန်မှာ ဗိုက်ဟောင်းလောင်းနဲ့ နေခဲ့ရ…. စသည်ဖြင့်..စသည်ဖြင့်..) အဲဒီတုန်းကတော့ သိပ်သနားစရာ ကောင်းတဲ့ ကောင်မလေးပေါ့…..
အခုတော့ အခက်အခဲတွေကို ကျော်လွှားပြီးတဲ့နောက်… သူ အသက် ၁၉ နှစ်ထဲဝင်လာပြီ….
အရင်တုန်းက နှုတ်ခမ်းထော်ထော်လေးက အခုတော့ သိပ်ချစ်စရာကောင်း နေသလို…အရင်တုန်းက အသားရောင်ညိုညစ်ညစ်လေးက အခုတော့လည်း ယဉ်ပြီး ပိုချစ်စရာကောင်းအောင် ထောက်ပံ့ပေးနေပြန်တယ်…..
အငေါ်တူးတာလေးတွေရဲ့နေရာမှာ… ပြေပြေပြစ်ပြစ်နဲ့ ချစ်စရာအသံလေး က နေရာယူလာပြန်တော့… လူချစ်လူခင်ပိုများလာစေတယ်…
ငယ်ငယ်ကအတိုင်း ပဲများတဲ့အကျင့်ကတော့ မပျောက်သေးပါဘူး… လူလစ် ရင်လစ်သလို ကင်မရာတစ်လုံးနဲ့ ကိုယ့်ကိုယ်ကိုယ် ပုံစံအမျိုးမျိုးနဲ့ ဓါတ်ပုံ ပြန်ရိုက်…. (မျက်နှာမသစ်သေးမီ… မျက်နှာသစ်ပြီးချိန်… အလှမပြင်မှီ… အလှပြင်ပြီးချိန်).. တခါမှကို ဓါတ်ပုံရိုက်လို့ မကျေနပ်နိုင်တဲ့ သူပေါ့….
အခုတော့လည်း ၁၉ နှစ်တိုင်တိုင် အားယူပြီးတဲ့နောက်မှာ အားဖြစ်လာတဲ့ အလင်းတန်းလေး…. ၁၉ နှစ်ပြည့်မွေးနေ့မှသည် ဘ၀တသက်တာကာလလုံး ဒုက္ခအပေါင်းမှ ကင်းဝေးပြီး အေးချမ်းလှပတဲ့… ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ…
ငယ်စဉ်က
အမှောင်ထဲမှာ…
အားယူခဲ့ရ….
ဒုက္ခတွေကြားမှာ…
ရှင်သန်ခဲ့ရ…
ပူလောင်မှုတွေကို…
အဖော်လုပ်ခဲ့ရ….
အလင်းတန်းတခုအဖြစ်စတင်လာချိန်….
ရင်ထဲကခံစားမှုတွေကို..
တန်ပြန်ဖို့အတွက်….
ပဲ့တင်သံတခုရဲ့လင်းရောင်ပြန်..
မငယ်ရေစင်…
ပို့စ်က အရမ်းရှည်လွန်းတော့... ဖတ်ရ အခက်အခဲ ဖြစ်နိုင်တဲ့အတွက် ကျန်တဲ့မွေးနေ့ဆုမွန်တွေကို ပို့စ်တခုနဲ့ ပြန်တင်ထားပါတယ်ရှင်။ မွေးနေ့ ဆုမွန်တွေကို ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်...။
Posted by ရောင်ပြန် at 2:43 PM 5 ပဲ့တင်သံ
Labels: ရသ
Wednesday, July 1, 2009
ရောင်ပြန်ရဲ့ မွေးနေ့ပွဲ
ဒီနေ့တော့ မွေးနေ့ ရောက်ပြီ.. မွေးနေ့ မရောက်ခင်တုန်းကတော့ စိတ်ကူးတွေ ယဉ်လို့... မွေးနေ့လည်းရောက်ရော.. ကိုယ့်မွေးနေ့ကိုတောင် ကိုယ်မေ့ချင် လောက်အောင်... အလုပ်တွေရှုပ် နေတာ.. တကယ်က အရှုပ်တွေ လုပ်နေတာပါ.. အဟဲ.. မနက်ပိုင်း မကျင်းပရပေမယ့် နေ့လယ်မရောက် ညနေမရောက်မှာပဲ စလိုက်တယ်... ကန့်လန့်ကြီးနော်.... အဟီး...
ကိုယ့်မွေးနေ့မို့လို့ ကိုယ့်စိတ်ကြိုက်ပဲ ကျွေးလိုက်တယ်နော်... အဟီး... အားရ ပါးရ လွတ်လွတ်လပ်လပ်သာ စားသွားကြနော်... မစားပဲနဲ့ မပြန်သွားကြနဲ့ နော်... စိတ်ဆိုးမယ်.. ဒါပဲ ဒါပဲ...
ကြေးအိုးလည်း သောက်သွားနော်......

အ၀စားနော်... တဆိုင်လုံး သိမ်းထားတာ...

ဒါက ဆီကျက် ခေါက်ဆွဲ......

မုန့်ဟင်းခါးလည်း လွေးသွားနော်.....

ဒါလည်း စားသွားပါရှင်.....

တို့ဟူးသုတ်လည်း စားသွားပါနော်....

ပီဇာလည်း စားသွားအုံးလေ......

အအီပြေအောင် အသီးလည်းစား......

အချိုရည်လည်းသောက်.......

ရေခဲမုန့်လည်း လွေးသွားနော်.....

ဒါကတော့ သူများ လက်ဆောင်ပေးလာတာ...
အများကြီးပဲ... ၀ိုင်းသောက်သွားနော်....


ကဲ ကိုယ်ကြိုက်တာတွေနဲ့လည်း ဧည့်ခံပြီးသွားပြီ.... အကုန်အကျလား.. သိပ်မများပါဘူး.. အားလုံး Google က မှာထားတာချည်းပဲ... စိတ်မပူနဲ့.... ကဲ... အားလုံး ကျေနပ် ပျော်ရွှင်ပါစေနော်... ရောင်ပြန်လည်း ပျော်တယ်....။
သြော်... မေ့တော့မလို့... မွေးနေ့လက်ဆောင်တွေကိုတော့.. နောက်ပို့စ် တခုနဲ့ ကြွားတော့မယ်နော်...အဟီး..
Posted by ရောင်ပြန် at 3:08 PM 31 ပဲ့တင်သံ
Labels: မွေးနေ့
Sunday, June 21, 2009
ဝေဒနာ

နာကျင်မှုကို အဖော်ပြုလို့
ပန်းတိုင်သို့တခေါက်
အရောက်သွားနေချိန်.....။
ပျော်ရွှင်မှုတွေလွင့်ပြေး
ခန္ဓာကိုယ်တခုလုံးပဲ့ကြွေမတတ်
ရင်တခုလုံးကွဲအက်လို့
ကံကြမ္မာ မျက်လှည့်ကြောင့်
ငါ့ကောင်းကင်ကြီးက မှောင်နေခဲ့ပြီ......။
ခါးသီးမှုဒဏ်ကို မြိုသိပ်ခံရင်း
မတော်လို့များ
ဦးတည်ရာ လမ်းခုလတ်မှာ
ငါ... ကြွေခဲ့ရင်လေ.......။
Posted by ရောင်ပြန် at 3:18 PM 16 ပဲ့တင်သံ
Labels: ကဗျာ
Friday, June 19, 2009
ပန်းကလေးတွေရဲ့ ကောင်းကင်

နွေးထွေးမှုနဲ့ အားအင်ပေးပြီး
မြင်သူတိုင်း ရင်အေးချမ်းစေတဲ့
ကောင်းကင်.....
တခါတခါ
ဖြူလွှလွှ တိမ်စိုင်တွေဝန်းရံလို့...
တောက်ပတဲ့နေ့သစ်တွေ ဖန်တီးပြီး
အလှကြီးလှနေတဲ့ ကောင်းကင်.....
အနွေးဓါတ်နဲ့ အေးချမ်းမှုတွေ
တလှည့်စီပေးနေတဲ့
ဒီကောင်းကင်ကြီးရဲ့ ရင်ငွေ့အောက်မှာပဲ
ပန်းကလေးတွေ
ရှင်သန်ဖူးပွင့်နေကြလေရဲ့..........
ကောင်းကင်ကြီးက မိခင်ဆို
ပန်းကလေးတွေက ရင်သွေးငယ်ပေါ့....
တနေ့မှာ
ညစ်ပုပ်နေတဲ့ တိမ်မဲတွေက
မိခင်နဲ့ ရင်သွေးကြားမှာ
ကန့်လန့်ကာထားလိုက်ပြီး
ကောင်းကင်ကြီးက
အကျည်းတန်စွာ ချုပ်နှောင်ခံလိုက်ရသလို
လတ်ဆတ်တဲ့ ပန်းကလေးတွေဟာလည်း
အဆိပ်သင့်ခဲ့ရတယ်လေ.....
ဒါပေမယ့်လေ....
အချိန်တန်ရင်တော့
တိမ်ပုပ်တွေက
လေနဲ့အတူလွင့်သွားမှာပါပဲ
အဲဒီအချိန်မှာ
အနှောင်အဖွဲ့ကင်းပြီး
ကြည်လင်လှပနေတဲ့ ကောင်းကင်တခုကို
ဘယ်တော့များမှ
ပန်းကလေးတွေ မြင်နိုင်စွမ်းရှိမလဲနော်...........။
Posted by ရောင်ပြန် at 10:34 AM 6 ပဲ့တင်သံ
Labels: ကဗျာ


