Thursday, February 19, 2009

မမေ့နိုင်တဲ့ အတိတ်နေ့များ

မမေ့နိုင်တဲ့ အတိတ်နေ့များ



အပိုင်း (၂)

ကျမ သတိရလာတော့.. စာသင်ခန်းက ခုံပေါ်မှာ..။ ခေါင်းတွေက မူးနောက်နောက်။ ဘေးနားမှာက သူငယ်ချင်းသုံးယောက်.. စိုးရိမ်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေကြလေရဲ့။ “ငါဘာဖြစ်သွားတာလဲဟင်” လို့ အမေး..။ မိုးတိမ်က “နင် ပန်းကောက်နေတုန်း သစ်ကိုင်းခြောက် နင့်ခေါင်းပေါ် ပြုတ်ကျတာလေ။ ဒါကြောင့် ရုတ်တရက် မူးပြီး မေ့သွားတာ.... ခုကော ဘယ်လိုနေသေးလဲ။ နေသာရဲ့လား”။

ခုမှ ခေါင်းက နာကျင်နေတဲ့ ဝေဒနာကို ခံစားမိသလိုလို..။ “ ငါ.. ဘယ်လောက်ကြာကြာ မေ့သွားတာလဲ..”။ နေခြည်က “ သိပ်မကြာပါဘူးဟာ.. ဆယ်မိနစ်လောက်ပါပဲ”။ မင်းခန့်ကတော့ စိုးရိမ်တဲ့ မျက်ဝန်းလေးနဲ့ ကျမရဲ့ လက်ကို ဆုပ်ကိုင်ပြီး “ နင်ဘာမှမဖြစ်ပါဘူးနော်.. ဒါမှမဟုတ် ဆေးခန်းသွားကြမလား”..။

“ ငါ.. ဘာမှမဖြစ်ပါဘူးဟ.. ဆရာတို့ကော.. လူကောစုံကြပြီလား”။ “အေး.. စုံသလောက်တော့ ဖြစ်နေပြီ ထင်တယ်.. သွားကြရအောင်” ။ နေခြည်က ပြောလည်းပြော ထူလည်းထူတယ်။ ကားဆီရောက်တော့ ကားပေါ်မှာ ရေတိုင်ကီတွေလည်း အဆင်သင့်ဖြစ်နေပြီ..။ တိုင်ကီက အလယ်မှာ ကျမတို့က ဘေးက လိုက်စီးရမှာ။ တော်သေးတယ်။ ကားမှာ အမိုးမပါလို့။ (နောက်ဆို ငါးချဉ်ဖြစ်ပြီ)

မိန်းကလေးတွေရော.. ယောက်ျားလေးတွေရော စုစုပေါင်း ငါးဆယ်လောက်ရှိမယ် ထင်တယ်။ ခရီးက တော်တော်ဝေးတယ်။ လမ်းမကြီးအတိုင်း သွားပြီး မိနစ် 20 လောက်ကြာမှ လမ်းချိုး တစ်ခုထဲကို ၀င်ပြီး ကွင်း ပြင်တွေကိုလည်း နေပူပူထဲမှာ ဖြတ်ရတယ်။ ဒါပေမယ့် ပျော်နေကြတာပဲ။ ကားပေါ်မှာ စလိုက် နောက်လိုက်နဲ့ ပါလာကြတယ်။

လမ်းတစ်ဝက်ရောက်တော့ ကားရပ်ပြီး ထမင်းစားရအောင်တဲ့။ ဆရာက ကြိုပြောထားခဲ့လို့ ကိုယ့်ထမင်းထုပ်နဲ့ ကိုယ်လာကြတယ်လေ။ ၀င်နားစရာဆိုလို့ ဇရပ်ကြီး တစ်ခုပဲရှိတယ်။ ဒါတောင် သေးသေးလေးရယ်။ အိမ်ပုစုလေး တွေက နည်းနည်းလှမ်းလှမ်းမှာ မြင်နေရတယ်။ ဒါပေမယ့် မြင်မြင်သမျှ ကြည့်ကောင်းတဲ့ ပန်းချီကား တစ်ချပ်လို အနုပညာဆန်တယ်။ နောက်ပြီး ခံစားနေရတာက အပျော်တွေကြီးပါပဲ။

ကြည့်လေ....။ သူငယ်ချင်းတသိုက်နဲ့ ဟေးလိုက်.. ဟားလိုက်.. လုပ်နေရတယ်။ ကောင်းကင်ပြာပြာကြီးကို မျက်စိတဆုံး မြင်နေရတယ်။ ကလေးလေးတွေက (မြင်နေရတဲ့ အိမ်စုကထင်တယ်) ငါးလိုက်ဖမ်းနေကြတယ်။ သစ်ပင်တွေက ဟို တပင်.. ဒီတပင် ကွက်တိ ကွက်ကြား။ မျက်စိတစ်ဆုံး လမ်းမကြီးက လယ်ကွင်းတွေရဲ့ အလယ်မှာ။

တစ်ခုတော့ စဉ်းစားမိတယ်။ အာဖရိကကို ရောက်နေတာလားလို့.. အဟီး။ စားပြီးတော့ ခရီးဆက်ကြပြန်ရော။ နေ့လည်လောက် ရွာထဲကို ၀င်ကြတယ်။ လူစည်ကားတဲ့ နေရာမှာ ကားရပ်ပြီး။ အဲဒီက လူတစ်ယောက်ရဲ့ အကူအညီနဲ့ ရေတွေ ဝေကြတယ်။

ကားရောက်ပြီဆိုတာနဲ့ အိမ်တိုင်းအိမ်တိုင်းက ရေပုံးလေးတွေ ကိုယ်စီနဲ့ ထွက်လာကြတယ်။ (ရေဘေး ဒုက္ခသည် တွေလို ဖြစ်နေကြတာ)။ သူတို့ဆီက ရေက နွေဘက်ဆို သောက်လို့မရဘူးလေ။ ကျမတို့ ကျောင်းသား အုပ်စုထဲမှာ ရွာခံ နှစ်ယောက်ပါတယ်။ ဒီတော့ သွားချင်တဲ့နေရာ ဦးဆောင်လိုက်ပို့ပေးတာပေါ့။ အရင်ဆုံး သွားရတာက ဘုန်းကြီးကျောင်း။ ပြီးတော့ ဘုန်းကြီးကျောင်းရဲ့ အနောက်က ပင်လယ်ပြင်ကြီးဆီကို။

ရေကျချိန်ဆိုတော့ ပင်လယ်ရေစပ်ကို ရောက်ဖို့တော်တော် ဝေးဝေးကို သွားရတာ။ ကျမတို့ သူငယ်ချင်း လေးယောက်က ထိပ်ဆုံး။ တခြားသူငယ်ချင်းတွေက နောက်မှာ။ ပင်လယ်ရေက နည်းနည်းနောက်နေတယ်။
ခရုတွေလည်း ကောက်ကြတယ်။ ပြီးတော့ အော်လိုက်.. ဟစ်လိုက်နဲ့ စိတ်လွတ် လက်လွတ် ပျော်နေကြတာပဲ။

“ဟဲ့.... ကလေးတွေ.. ပြန်လာကြတော့လေ။ ခဏနေရင် ရေတက်လာတော့မယ်။ နေကလည်း ပူတယ်..” ။ အားလား.. ငှက်ဆိုးသံကြီးလိုပဲ.. (ဆရာသိရင် တော့ထိပ်ခေါက်မှာ)။ လှည်ကြည့်လိုက်တော့ သင်္ချာဆရာ။ အသားက မဲမဲနဲ့ ဖင်က ကောက်ကောက်.. ဗိုက်က ပူပူ။ ရုတ်တရက်ကြည့်လိုက်ရင် ငယ်နဲ့ နင်လားငါလား။ ကျမတို့ကလည်း သိတဲ့အတိုင်း။ နားပေါက်တစ်ဖက်တည်း ရှိတယ်လေ.. အုပ်စုတောင့်ရင်.. အဟဲ။ ဆရာက ဒီဘက်က လိုက်။ ကျမတို့က ဟိုဘက်က ပြေးနဲ့။

နေလည်းပို ပူလာရော.. ကျမတို့ ဖြတ်ခဲ့တဲ့ နေရာတွေကို ခြေထောက်က ကြာကြာ ချလို့မရတော့ဘူး။ ဆားရေကလည်း ဖြစ်.. နေကပူတော့ ကျမတို့ ခြေထောက်တွေကို ဆားနယ်ပြီး မီးကင်ထားတဲ့အတိုင်းပဲ။ ဒါနဲ့ မတိုင်ပင်ထားပဲ ပြေးကြပါလေရော။ ဆရာကတော့ ထုံးစံအတိုင်း လုံချည်စလေးဆွဲပြီး နောက်ဆုံးက ပြေးလိုက်လာတယ်။

ဘုန်းကြီးကျောင်း ၀င်းထဲလည်း ရောက်ရော ခြေထောက်တွေ ရေဆေး။ ပြီးတော့ ကားဆီ ပြန်လာကြတယ်။ ကားနားရောက်တော့ ရေက ကုန်နေပြီ။ ဗိုက်ကလည်းဆာ..။ ဒါနဲ့ ဆရာ့ကို ပူဆာပြီး စားသောက်ဆိုင်ထဲကို ခပ်တည်တည်နဲ့ ၀င်ပြီး နေရာယူလိုက်တော့.. လားလား.. ဆယ်ကျော်သက်တွေနဲ့ ဆိုင်တစ်ခုလုံး ပြည့်သွားပြီပေါ့။ လူကလည်း နည်းနည်းမှမနည်းပဲ။ ဒါတောင် မလိုက်လာတဲ့လူက တစ်ဝက်လောက်ရှိသေးတယ်။

ကျမတို့ သူငယ်ချင်း လေးယောက်က တစ်ဝိုင်း .. ။ အားရပါးရစားကြတာပေါ့။ ပြီးတော့ ရွာခံ ကျောင်းသားရဲ့ အိမ်ကို ဒိုးကြပါလေရော။ သူက အဲဒီရွာက ဥက္ကဌသားလေ။ သူတို့ အိမ်ရှေ့မှာ ကားရပ်။ ပြီးတော့ သူ့အမေကျွေးတဲ့ မုန့်ကို အားမနာ လျှာမကျိုး ၀င်စားကြပြန်ရော။ ပြီးတော့ ကျမတို့လေးယောက်ရဲ့ မျက်စိက သူ့အိမ်ရဲ့ မျက်နှာချင်းဆိုင် ကားရပ်ထားတဲ့ ဘေးနားက သရက်ပင်ကို ရောက်သွားတယ်။

မင်းခန့်က စဖောက်ပြီ။ “ဟိတ်.. တို့တွေ.. ကားပေါ်ကနေ သွားခူးရအောင်..”။ ဒါနဲ့ နဂိုက လက်မတို့ခင်ကတည်းက ပါချင်နေတဲ့သူတွေဆိုတော့ သူ့နောက်က တန်းစီပြီးလိုက်သွားရော။ တခြားသူငယ်ချင်းတွေလည်း ပါတယ်။ ဒါနဲ့ အဆင်သင့်ပဲ.. ကားပေါ်တက်ပြီး ခူးကြတာပေါ့။ တယောက် တကိုက်နဲ့ သရက်သီး သုံးလုံး တစ်ခါတည်းပြောင်ရောပဲ။ ခဏနေတော့ နောက် ရွာခံကျောင်းသား တယောက်အိမ်ကို သွားကြပြန်ရော။

ဘယ်ရမလဲ။ စားလက်စဖြစ်နေတော့ လမ်းမှာ လက်လှမ်းမှီသမျှ သရက်ကိုင်းတွေကိုဆွဲပြီး ခူးကြတာပေါ့။ ပြီးတော့ အဲဒီတယောက်အိမ် ရောက်တဲ့အခါကျတော့ ကျမတို့ ဗိုက်လေးနေပြီ..။ ဒါနဲ့ ဆိုဖာတွေပေါ်ထိုင်ပြီး အညောင်းဆန့်ကြပြီပေါ့။

ဆက်ရန်...

2 ပဲ့တင်သံ:

မသက်ဇင် said...

ရသ ကောင်းလေးတပုဒ် --
လာဖတ်သွားပါတယ်---
ပျော်ရွှင်ပါစေ---

ရေစင် said...

ကျောင်းသွားတော့လည်းအိပ်ငိုက်... စားစရာတွေ့တော့လဲ အငမ်းမရစား... ပြသနာဘဲ.. ဒါတောင် ပိန်ချင်သေးတယ်ပေါ့...