ဖေဖေ (ဖေဖေ့ 13 နှစ်ပြည့်အမှတ်တရအတွက်......)
“ဘာလိုလိုနဲ့ ဖေဖေဆုံးတာ ဆယ့်သုံးနှစ်တောင် ရှိပါကောလား”။ ရှားရှားပါးပါး တစ်ပုံ တည်းရှိတဲ့ ဖေဖေ့ဓါတ်ပုံကို ကြည့်ရင်းနဲ့ အမှတ်မထင် ရေရွတ်လိုက်မိတယ်။ ဖေဖေက ဓါတ်ပုံရိုက် အရမ်းပျင်းတာ။ ၀ါသနာလည်းမပါဘူး။ (သူ့သမီးတွေနဲ့များ ကွာပါ့…:P)။ ရှိတဲ့ ဓါတ်ပုံကလည်း ခြလက်ထဲက မနည်းလုထားရတာ။ နှစ်တွေကလည်း ကြာခဲ့ပြီကိုး။
ဖေဖေက ကျမတို့ မိသားစုအတွက် မိုးဒဏ်၊ လေဒဏ်၊ နေဒဏ်ခံနိုင်တဲ့ ခိုင်ခံ့တဲ့ အဆောက်အအုံ ကြီးတစ်ခုနဲ့တူတယ်။ ဖေဖေ့ကြောင့် နေနဲ့တူပြီး ပူပြင်းတဲ့ ဘ၀အမောတွေ ကနေ ကင်းလွတ်ခဲ့ရပြီး၊ လေနဲ့တူတဲ့ ပတ်ဝန်းကျင်ရဲ့ အမျိုးမျိုးသော ရိုက်ခတ်မှုဒဏ်တွေ ကလဲ ကာကွယ် နိုင်ခဲ့တယ်။ မိုးနဲ့တူတဲ့ အေးစက်တဲ့ အငွေ့သက်တွေအစား နွေးထွေးတဲ့ မေတ္တာတွေနဲ့ နူးညံ့မှုတွေ လွှမ်းခြုံပေးခဲ့သူပဲ။
တကယ်တော့ ဖေဖေဟာ ကျမတို့ မိသားစုရဲ့ စံပြသူရဲကောင်း တစ်ဦးပါပဲ။ စည်းစနစ်ကြီးတဲ့ ဖေဖေ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ကျမတို့ မိသားစုတွေ သက်တောင့်သက်သာ ဘ၀တစ်ဆစ် ချိုးအထိ လျှောက်လှမ်းနိုင်ခဲ့တယ်။ ရုတ်တရပ် ကျမရဲ့ စိတ်တို့ ဖမ်းလို့မမိနိုင်ပဲ ဟိုးလွန်ခဲ့တဲ့ ဆယ့်သုံးနှစ်တာ ကာလကို ရောက်သွားခဲ့တယ်။
ဖေဖေရှိတုန်းက အပူအပင်မရှိ စားလိုက်၊ သောက်လိုက်၊ ကစားလိုက်၊ ကျောင်းသွားလိုက် နဲ့ တကယ့်ကို ပျော်စရာပါ။ ဆွေမျိုးတွေကြားမှာလည်း မျက်နှာမငယ်ခဲ့ရဘူး (စကောတပ် ထားတာဟုတ်ဘူးနော်.. မျက်နှာကို)။ သူများတွေရဲ့ အားကျစရာ မိသားစု ဖြစ်ခဲ့ရတယ်။
ကျမတို့ မိသားစုက မချမ်းသာပါဘူး။ သာမန် လူလတ်တန်းစား ၀န်ထမ်းမိသားစုလေးပါပဲ။ (ဖေဖေက မြေတိုင်းစာရေး၊ မေမေက ကျောင်းဆရာမလေ)။ ဖေဖေ လူဖြောင့်စိတ်တို တစ် ယောက်ပဲ။ ပိုက်ဆံလည်းမစားဘူး။ မတရားတာလည်းမလုပ်ဘူး။ ဒါကြောင့် ဖေဖေ့က လူ ချစ်လူခင်တအားများတာ။ ကျမတို့ကိုလည်း တစ်အားချစ်တာ။ ကျမတို့အတွက် အ၀တ်အ စားဆိုလည်း ဆင်တူတွေနဲ့ (တောက်တဲ့ ကျ နေတာပဲ… အဟား)။ တစ်ခါတစ်လေ ကျမ တို့က အငြိမ့်ကကြတယ်။ ဖေဖေတို့က ပရိသတ်ပေါ့။
အရမ်းပျော်ရွှင်ခဲ့ရပေမယ့် ကံဆိုးတဲ့ တစ်နေ့ကို ရောက်လာခဲ့တယ်။ ကံကြမာက မျက်လှည့် ဆရာတစ်ယောက်ဆိုတာ တကယ်မှန်တယ်။ ဖေဖေက ကျမတို့ဆီကနေ မဆုံး နိုင်တဲ့ ခရီးရှည်တခုအတွက် ထွက်ခွာသွားခဲ့ပြီလေ။ အရွယ်ကောင်းမုဆိုးမနဲ့ အရွယ်မ ရောက်သေးတဲ့ သမီးလေးယောက်ကို ထားသွားခဲ့ပြီးတော့ပေါ့။
ကျမတို့ရဲ့ အဆောက်အုံကြီးတစ်ခုလုံးပြိုပျက်သွားပြီးတဲ့ နောက်။ မမျှော်လင့်တာ တွေဖြစ် လာတယ်။ အခက်အခဲတွေနဲ့ ကြုံရတယ်။ ဖေဖေရှိတဲ့ အချိန်ကလို ပျော်ရွှင်မှုလေးတွေ မ ရနိုင်တော့ဘူးလေ။ ကျမ အားငယ်တိုင်း ဖေဖေ့ကို တမ်းတနေမိတယ်။
မိစုံဖစုံမရှိတဲ့ ဘ၀မှာ မျက်နှာငယ်စရာတွေလည်း ကြုံခဲ့ရတယ်။ ဖေဖေ့ကို သတိရတိုင်း ကံကြမာကိုပဲ အပြစ်တင်မိတယ်။ ဘာလို့ ကျမတို့ကို ရက်စက်ရတာလဲပေါ့။ လုံခြုံမှုမရှိတဲ့ ဘ၀ကနေကြီးပြင်းလာရတော့ လူက အလိုလိုသိမ်ငယ်နေရတယ်။ အရာရာကို ကြောက် တယ်။ ဒီကြားထဲ မေမေက အဝေးကြီးမှာ အလုပ်သွားလုပ်ရသလို ကျမတို့ ညီအမတွေ လည်း တစ်နေရာစီ။ မိသားစုတွေတွေ့ရင် တစ်ယောက်ယောက်က အမြဲတမ်းလိုနေတတ် တယ်။ ဒီကြားထဲ မြေနိမ့်ရာ လှံစိုက်ချင်တဲ့ သူတွေကလည်း ရှိသေး။
ငယ်ငယ်တုန်းက ဖေဖေ့ကို သတိရလို့ ငိုချင်တိုင်း တမလွန်မှာ ကျမတို့မျက်ရည်ထဲ လက်ပစ် ကူးနေရမှာစိုးလို့ မငိုခဲ့ရဘူး။ ခုထိလည်း ကျမငိုရင် ဖေဖေ မျက်ရည်ပင်လယ်ထဲ ကူးနေရ မယ်ဆိုတဲ့ ယုံကြည်မှုက ရှိတုန်း။ မမှန်မှန်းသိပေမယ့် လက်ခံယုံကြည်နေတုန်း။ ခုတော့ ကျမတို့ မိသားစု အတူတူ ပြန်ဆုံချိန်မှာ ဖေဖေ့ကို ရှိစေချင်လိုက်တာ။ ဖေဖေ ဘယ်ဘ၀များ ရောက်နေပြီလဲမသိ။
အတွေးပင်လယ်ထဲ လက်ပစ်ကူးနေလိုက်တာ သတိရတော့ နေကစောင်းနေပြီ။ မနက်က တည်းက စိမ်ထားတဲ့ အ၀တ် မလျှော်ရသေးဘူး။ ဒီတော့ ထုံးစံအတိုင်း အ၀တ်ချဉ်ဖတ် စိမ် ရအုံးမယ်ထင်ပါ့။ ဖေဖေ့ ဓါတ်ပုံလေးကို အသာချလို့ အတိတ်မြို့ တော်ဆီကနေ ထွက်ခွာခဲ့ လိုက်တော့တယ်။

12 ပဲ့တင်သံ:
အဖေ့ကို သတိရတဲ့ သမီး။ အဖေ့ကို မမေ့တဲ့ သမီး ဘ၀မှာ အဆင်ပြေပါစေ။
ဖခင်တစ်ယောက်ရဲ့ တန်ဘိုးတွေကိုသိတတ်တဲ့သမီးလေး အစစအဆင်ပြေပါစေ....
မမေ့အပ်တဲ့ ကျေးဇူးတရားတွေကို
စွဲစွဲထင်ထင် မှတ်သွားပါတယ်။
ပျော်ရွှင်အဆင်ပြေပါစေ ..
မိဘကျေးဇူးကို မမေ့ပဲ တန်ဘိုးထားတတ်တဲ့ ညီမ
ရောင်ပြန်ရဲ့ ဘဝမှာ အစစအရာရာ အဆင်ပြေမှာပါ...
အဖေကို သတိတရနဲ့ ရေးထားတဲ့ ပို့စ်လေး
စိတ်မကောင်းစွာနဲ့ ဖတ်သွားပါတယ် ညီမလေးရေ။
မိဘကျေးဇူးသိတတ်တဲ့သူဟာ ဘယ်တော့မှ စိတ်မဆင်းရဲရဘူး.... ရောင်ပြန်လေးလဲ တသက်တာလုံး ပျော်ရွှင်ရမှာပါ...
ငြိမ်းချမ်းတဲ့ ဘုံဘ၀ကနေ မိဘကို သိတတ်တဲ့ ညီမလေးကို အဖေက ပြုံးကြည့်နေမှာပါ မိသားစုနဲ့အတူ အေးချမ်းပါစေ
အားကိုးရာဖခင်ဆုံးရှုံးသွားရတဲ့အဖြစ်ကို ကိုယ်ချင်းစာမိပါတယ်။ မိန်းမသားတစ်ယောက်ဦးဆောင် ရတဲ့ဘ၀ကို မြေနိမ့်ရာလှံစိုက်ချင်ကြမှာပဲ။ ဘာပဲဖြစ်ဖြစ် အဆိုးတွေကိုကျော်ဖြတ်ပြီး မိသားစုတွေပြန်လည် စုစည်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။
အဖေ့ကျေးဇူးကို မမေ့တဲ့ သမီးလိမ္မာ ညီမလေးဟာ အဖေ့အတွက် ဂုဏ်ယူစရာ သမီးလေး ဖြစ်နေမှာပါ။ အဲဒါနဲ့တင် ကျေးဇူးတွေ အများကြီးဆပ်ပြီးသား ဖြစ်နေပါပြီ...
စိတ်မကောင်းပါဘူးဗျာ.. ကိုယ်တိုင်လည်းအရင်မသွားချင်ဘူး.. ကျန်ခဲ့တဲ့မိဘတွေ (ကိုယ်နဲ့ပတ်သက်ပြီး) သောကပရိဒေ၀မီးတောက်မှာစိုးလို့.. သူတို့ကိုလည်း ကိုယ့်ထက်အရင်မသွားချင်ဘူး.. ကိုယ်တိုင်လည်းပူဆွေးရမှာကြောက်လို့..
(ယောနိသော မနသိကာရ - လောက၊ ဓမ္မ၊ သင်္ခါရ တရားတို့ကို မမေ့မလျော့စေပဲ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းခြင်းအားဖြင့် မိမိကိုယ်ကို ဆောက်တည်နိုင်ကြပါစေသတည်း)
မိဘကျေးဇူးသိတတ်ပြီး မမေ့ မလျော့တဲ့ သမီး
အလိမ္မာလေးတစ်ယောက်ပဲ
အဖေ့အတွက် စိတမကောင်းပါဘူးဗျာ။ ဟုတ်တယ်ဗျ အဖေဆိုတာ မိသားစုတခုလုံးရဲ့
တကယ်အားကိုးရတဲ့ သူတယောက်ပါပဲဗျာ။ အဲဒါ
ဆုံးရှုံးသွားတဲ့ ရောင်ပြန်အတွက် ကိုယ်ခြင်းစာမိ
ပါတယ်ဗျာ။
Post a Comment