Wednesday, February 18, 2009

မမေ့နိုင်တဲ့ အတိတ်နေ့များ

မမေ့နိုင်တဲ့ အတိတ်နေ့များ


အပိုင်း (၁)

မွန်ပြည်နယ်.. ပေါင်မြို့  နယ်က အခြေခံပညာ အထက်တန်း ကျောင်းခွဲတကျောင်းမှာ ဖြစ်ပါတယ်..။ အချိန်က စာမေးပွဲတွေဖြေပြီးလို့.. နောက်တစ်နှစ် ဆယ်တန်းအတွက် ကိုးတန်းကျောင်းသားတွေကို သုံးလပြတ် စခန်းသွင်း လေ့ကျင့်ပေးနေတဲ့ အလွန်ပူပြင်းတဲ့ နွေရာသီ ဧပရယ်လ..။

ဆူဆူညံညံအသံတွေက အခန်းထဲဆရာဝင်လာတဲ့အချိန်မှာ.. ချက်ချင်းပဲ ဘုရားပွဲတော်ကနေ တရားစခန်း ရောက်သွားသလို ငြိမ်သက်ကုန်ကြတယ်.. (မီးကို ရေနဲ့ ငြိမ်းရင်တောင် ရှဲခနဲ့ အသံမြည်အုံးမှာ)..။ ဆရာ့ကို ကြောက်လို့တော့ မဟုတ်။ လက်ထဲက ကြိမ်လုံးကိုသာ..။ ဆရာကလည်း ဒီချို့ ယွင်းချက်ကို သိပုံရတယ်။ တချိန်လုံး ကြိမ်လုံးကိုင်လို့..။

“အားလုံးနားထောင်ကြ... နောက်တပတ် ဆရာတို့ အလှပ်ဆိုတဲ့ ကျေးရွာမှာ ရေသွားလှူဖို့ရှိတယ်.. လိုက်ချင်တဲ့သူ စာရင်းပေးထားကြ” တဲ့။ တီးတိုးတိုင်ပင်သံတွေ ပြန်ထွက်လာခဲ့တယ်။ အလှပ်ဆိုတာက ပင်လယ်နားက ကျေးရွာလေးတရွာ..။

အားလုံး ငြင်းဆိုသူမရှိ.. တပြိုင်တည်း ခေါင်းညိတ်လိုက်တာ.. ပုတ်သင်ညိုနဲ့ နင်လားငါမြင်းပဲ။ ကျောင်းနဲ့အိမ် လည်ချိန်မရှိတဲ့သူတွေဆိုတော့ ၀မ်းသွားချင်တုန်း အိမ်သာတွေ့လိုက်ရသလို.. မသွားဖူးတဲ့ အရပ်ကို သွားချင်စိတ်က တားမရဆီးမရနဲ့ နောက်တစ်ပတ်ကို အမြန်ရောက်သွားစေချင်ကြတာ အားလုံးရှဲ့ဆန္ဒ။ (တခြားနေရာတွေမှာသာ စိတ်ချင်းမတူတာ)။ ဆရာသိရင်တော့ ကြိမ်လုံးနဲ့ ခေါင်းကိုခေါက်မှာ သေချာတယ်..။ မ လည်ချင်.. မောင် လည်ချင်တွေ လို့လေ။

ဟော.. ကျမတို့ မျှော်နေတဲ့ နေ့ကို ရောက်လာခဲ့ပါပြီ။ “ ဟေး.. ခရေ.. ခရေ.. နင်မပြီးသေးဘူးလား.. မြန်မြန်လုပ်” တဲ့ ။ ဆူညံဆူညံနဲ့ မင်းခန့်တို့.. နေခြည်တို့.. မိုးတိမ်တို့ ရယ်.. အသံကောင်း ဟစ်နေကြပါလား။ ဟွန့်.. ဒင်းတို့က ဒီနေ့မှ စောစောစီးစီး ၀ီရိယ ကောင်းနေလိုက်ကြတာ..။ ခါတိုင်း နေဖင်ထိုးလို့ မထတဲ့သူတွေကများ။

“ ဟဲ့.. ကောင်စုတ်တွေ.. တိုးတိုးဟ.. ဖေဖေအိပ်နေတယ်.. ငါက ပြီးပါပြီဟ.. နင်တို့ကိုက ကဲလွန်းတာ”။ ပြောပြောဆိုဆို အိမ်ပေါ်ကအဆင်း... “ချစ်စရာ ကောင်းလိုက်တာ ခရေရယ်..” နေခြည်ရဲ့ တအံ့တသြ ပြောသံအဆုံး ရှက်ရှက်နဲ့ ဟိုဟိုဒီဒီအကြည့် မင်းခန့်ရယ် အငေးသားနဲ့ ဖြစ်နေလေရဲ့။ မိုးတိမ့်ကတော့ ထုံးစံအတိုင်း ခပ်တည်တည်နဲ့။ပြီးတော့ ကျမတို့ လေးယောက်စလုံး ကျောင်းကို ချီတက်ကြပါတော့တယ်။

လေးယောက်လုံးက တကယ့် သူငယ်ချင်း အရင်းခေါက်ခေါက် တွေလေ။ ပြောမနာ ဆိုမရ တွေပေါ့။ ဒါပေမယ့် ဒီဇာတိတွေ မဟုတ်ကြဘူး။ မင်းခန့်ကတော့ ရန်ကုန်က ပြောင်းလာတာ မကြာသေးဘူး။ မိုးတိမ်က ရှမ်းပြည်နယ် အင်းလေးက။ နေခြည်က မန္တလေး၊ ကျမက ပြင်ဦးလွင်က။

နေရပ်ဒေသ အသီးသီးက လာတဲ့သူတွေဆိုတော့ ခဏလေးနဲ့ ခင်သွားကြတယ်။ အဖော်ငတ်လို့လေ..။ တယောက်ချင်းစီက မခေတဲ့သူတွေ။ လေးယောက်ပေါင်းတော့ လောင်းကျော်သွားတာပေါ့။ ကျောင်းစာမှာလည်း တော်ကြသလို အဆင့်တွေကိုလည်း တယောက်တလှည့်စီ ယူနေကြသူတွေ။

စရိုက်တွေကတော့ နည်းနည်းကွာတယ်။ မိုးတိမ်က စေ့စပ်တယ်.. အနေအထိုင် အေးဆေးတယ် .. သိုသိပ်တယ်.. တဖက်သားကို ငဲ့ညှာတယ်။ မင်းခန့်က ပျော်တတ်တယ်.. အစသန်တယ်.. ပွင့်လင်းတယ်။ ကျမက ရှက်တတ်တယ်... အားနာတတ်တယ်.. ဖော်ရွေတယ် ။ နေခြည်က သွက်လက်တယ်.. ခေတ်မီတယ်.. လိုချင်တာကို ရအောင်ယူတတ်တယ်။

ကျမတို့အားလုံး ဥာဏ်ကောင်းကြပါတယ်။ တယောက်ကို တယောက် ကူညီကြတယ်။ အရမ်းချစ်ကြတယ်။ ကျမတို့ နှစ်ယောက်နားကို ကောင်လေးတွေ လာကပ်ရင် မိုးတိမ်နဲ့ မင်းခန့်တို့ရဲ့ မျက်နှာက ကျီးအာသီးတွေ ကျနေတာပဲ။ တစ်နေ့ ကျမတို့ နှစ်ယောက် ဘုန်းကြီးကျောင်းသွားတော့ ကောင်လေးတသိုက်ရဲ့ နှောင့်ယှက်တာကို ခံရပါလေရော။ အရမ်းရှက်ဖို့ကောင်းတာပဲ..။

တော်သေးတယ်။ အဲဒီ နှစ်ယောက် ဆရာ့အိမ်က ပြန်လာတာနဲ့ ကြုံလို့ပေါ့။ အဲဒီကစပြီး ကျမတို့သွားတိုင်း သူတို့က ဘေးနားကနေ လိုက်စောင့်ရှောက်ပေးတာ။ ကိုယ်ရံတော်တွေပေါ့။

ခုလည်း သူတို့ စက်ဘီးနောက်ကနေပဲ လိုက်စီးရပြန်ပြီ။ “ခရေ.. လာ ဒီမှာလာစီး”။ ထုံးစံအတိုင်း မင်းခန့်က သူ့စက်ဘီးပေါ်က ခေါ်နေတယ်။ နေခြည်က မိုးတိမ်ရဲ့ စက်ဘီးနောက်မှာ။ ကျောင်းရောက်တော့ လူတောင် သိပ်မရှိသေးဘူး။

“ပန်းသွားခူးရအောင်” နေခြည်ရဲ့ တိုက်တွန်းသံအဆုံး ကျမတို့နှစ်ယောက် ကျောင်းဝန်းထဲက ပိတောက်ပင်အောက် ရောက်သွားကြတယ်။ အပင်အောက် ရောက်ရောက်ချင်း “ ရတဲ့သူယူ ” ဆိုပြီး ပန်းတခက် ကျမခေါင်းပေါ် ပြုတ်ကျလာတယ်။ ခဏတော့ ပြုံးစိစိ မျက်နှာပေးနဲ့ မင်းခန့် အပင်ပေါ်က ဆင်းလာလေရော။

“ငါကတော့ အတူတူပဲ..”ဆိုပြီး ပန်းနှစ်ခက်နဲ့ ကျမတို့ရှေ့ကို ရောက်လာတာက မိုးတိမ်။ သူ့မျက်လုံးတွေက ကျမဆီကို စူးစိုက်ကြည့်နေလေရဲ့။ ဒါပေမယ့် ခဏလေးပဲ။ နေခြည်ကတော့ အကောင်းဆုံးအခက်လေးကို လုယူသွားလေရဲ့။

“အား.. ငါ့ဖိနပ်ပြတ်သွားပြီ ခရေ.. ရေ”..။

“ဘယ်လိုလုပ်မှာလဲ နေခြည်ရ။ ဒီနေ့ တစ်နေ့လုံး သွားရမှာပါဆို”

“အစောကြီး ရှိသေးတာပဲ.. ငါဖိနပ်သွားဝယ်လိုက်အုံးမယ်..”

“ အတော်ပဲ ငါလည်း နေခြည်နဲ့လိုက်ပြီး တို့အတွက် စားစရာတွေသွားဝယ်မယ်.. မိုးတိမ်နဲ့ ခရေက ဒီနားမှာနေခဲ့”

သူတို့ နှစ်ယောက်လည်း ထွက်သွားရော။ ကျမတို့နှစ်ယောက် ပန်းတွေ ဆက်ခူးကြတယ်။ “ မိုးတိမ်ရေ.. ဟိုနားက အခက်လေးလှတယ်ဟ.. အား” ။ ကမ္ဘာကြီးတခုလုံး ခြာခြာလည်သွားသလိုပဲ..။ ပြီးတော့ ကျမမေ့သွားတယ် ထင်ပါရဲ့..။

ဆက်ရန်...

9 ပဲ့တင်သံ:

ရှင်ရဲထွတ် said...

ဟာ ခရေမူးသွားပြီ။ လုပ်ကြပါဦး။

မီးမီးငယ် ရဲ့  ထည်ဝါချို said...

ရှူဆေးပေးပါ ဟိုးမှာ တစ်ညလုံးအလှပြင်ထားရလို့ ခရေ မူးလဲသွားပြီ
း)

ဆက်ရန်လေးကိုမျှော်နေပါကြောင်း
း)

လူလ said...

မင်္ဂလာပါ မရောင်ပြန်

ဆက်ရန်ဆိုတော့ ဆက်ဖတ်ရမှာပေါ့...

သြော် .. အရင်တုံး(လက်ဦး)က ပေါင်မှာ နေတာကိုး ..း)



ခင်လို့ စတယ်နော့၊ စိတ်မဆိုးပါနဲ့ဗျ

ရွှင်လန်းချမ်းမြေ့ပါစေ...

Welcome said...

ပြန်မရနိုင်တဲ့ အမှတ်တရ ကျောင်းသားဘ၀ လေးကို လာခံစားပါတယ်။
ပျော်ရွှင်ပါစေ

flowerworld said...

အဟင့် ကောင်းခန်ရောက်မှာ ရော့ရှူဆေး..ဟွန်း.......ကြည့်ရဘူး

ဖြိုးငယ် said...

ကောင်းခန်းရောက်မှ ဆက်ရန်တဲ့ .. ဆက်ရန်ဆိုလည်း မြန်မြန်ဆက်ဗျို့ ..

အိမ် said...

ဆက်ရန်လေး မြန်မြန်လုပ်ပါဗျို့ မျှော်နေတယ်
ကောင်းခန်းရောက်မှဗျာ ဖတ်ရတာနှာနုဖြတ်ရိုက်လိုက်သလို ဆန့်တငံ့ငံ့
ဖြစ်နေပြီဗျ

ကောင်းကင်ကို said...

ကဲကဲ...ကြက်ခြေနီတွေ ဘယ်ရောက်နေလဲဗျို့ ။ :-)

ဝတ္ထုလေး စောင့်ဖတ်နေတယ်ဗျ။

Dream said...

အာ.... ဖတ်လို့ကောင်းတုန်း.. အရှိန်ပြတ် သွားပြီ.. လူဆိုး.. ဆက်၇န်ကိုမျှော်နေတယ်..နော်... မြန်မြန်လေး.. အဟီး..ဖတ်ချင်လှပြီ