မမေ့နိုင်တဲ့ အတိတ်နေ့များ
အပိုင်း (၂)
ကျမ သတိရလာတော့.. စာသင်ခန်းက ခုံပေါ်မှာ..။ ခေါင်းတွေက မူးနောက်နောက်။ ဘေးနားမှာက သူငယ်ချင်းသုံးယောက်.. စိုးရိမ်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေကြလေရဲ့။ “ငါဘာဖြစ်သွားတာလဲဟင်” လို့ အမေး..။ မိုးတိမ်က “နင် ပန်းကောက်နေတုန်း သစ်ကိုင်းခြောက် နင့်ခေါင်းပေါ် ပြုတ်ကျတာလေ။ ဒါကြောင့် ရုတ်တရက် မူးပြီး မေ့သွားတာ.... ခုကော ဘယ်လိုနေသေးလဲ။ နေသာရဲ့လား”။
ခုမှ ခေါင်းက နာကျင်နေတဲ့ ဝေဒနာကို ခံစားမိသလိုလို..။ “ ငါ.. ဘယ်လောက်ကြာကြာ မေ့သွားတာလဲ..”။ နေခြည်က “ သိပ်မကြာပါဘူးဟာ.. ဆယ်မိနစ်လောက်ပါပဲ”။ မင်းခန့်ကတော့ စိုးရိမ်တဲ့ မျက်ဝန်းလေးနဲ့ ကျမရဲ့ လက်ကို ဆုပ်ကိုင်ပြီး “ နင်ဘာမှမဖြစ်ပါဘူးနော်.. ဒါမှမဟုတ် ဆေးခန်းသွားကြမလား”..။
“ ငါ.. ဘာမှမဖြစ်ပါဘူးဟ.. ဆရာတို့ကော.. လူကောစုံကြပြီလား”။ “အေး.. စုံသလောက်တော့ ဖြစ်နေပြီ ထင်တယ်.. သွားကြရအောင်” ။ နေခြည်က ပြောလည်းပြော ထူလည်းထူတယ်။ ကားဆီရောက်တော့ ကားပေါ်မှာ ရေတိုင်ကီတွေလည်း အဆင်သင့်ဖြစ်နေပြီ..။ တိုင်ကီက အလယ်မှာ ကျမတို့က ဘေးက လိုက်စီးရမှာ။ တော်သေးတယ်။ ကားမှာ အမိုးမပါလို့။ (နောက်ဆို ငါးချဉ်ဖြစ်ပြီ)
မိန်းကလေးတွေရော.. ယောက်ျားလေးတွေရော စုစုပေါင်း ငါးဆယ်လောက်ရှိမယ် ထင်တယ်။ ခရီးက တော်တော်ဝေးတယ်။ လမ်းမကြီးအတိုင်း သွားပြီး မိနစ် 20 လောက်ကြာမှ လမ်းချိုး တစ်ခုထဲကို ၀င်ပြီး ကွင်း ပြင်တွေကိုလည်း နေပူပူထဲမှာ ဖြတ်ရတယ်။ ဒါပေမယ့် ပျော်နေကြတာပဲ။ ကားပေါ်မှာ စလိုက် နောက်လိုက်နဲ့ ပါလာကြတယ်။
လမ်းတစ်ဝက်ရောက်တော့ ကားရပ်ပြီး ထမင်းစားရအောင်တဲ့။ ဆရာက ကြိုပြောထားခဲ့လို့ ကိုယ့်ထမင်းထုပ်နဲ့ ကိုယ်လာကြတယ်လေ။ ၀င်နားစရာဆိုလို့ ဇရပ်ကြီး တစ်ခုပဲရှိတယ်။ ဒါတောင် သေးသေးလေးရယ်။ အိမ်ပုစုလေး တွေက နည်းနည်းလှမ်းလှမ်းမှာ မြင်နေရတယ်။ ဒါပေမယ့် မြင်မြင်သမျှ ကြည့်ကောင်းတဲ့ ပန်းချီကား တစ်ချပ်လို အနုပညာဆန်တယ်။ နောက်ပြီး ခံစားနေရတာက အပျော်တွေကြီးပါပဲ။
ကြည့်လေ....။ သူငယ်ချင်းတသိုက်နဲ့ ဟေးလိုက်.. ဟားလိုက်.. လုပ်နေရတယ်။ ကောင်းကင်ပြာပြာကြီးကို မျက်စိတဆုံး မြင်နေရတယ်။ ကလေးလေးတွေက (မြင်နေရတဲ့ အိမ်စုကထင်တယ်) ငါးလိုက်ဖမ်းနေကြတယ်။ သစ်ပင်တွေက ဟို တပင်.. ဒီတပင် ကွက်တိ ကွက်ကြား။ မျက်စိတစ်ဆုံး လမ်းမကြီးက လယ်ကွင်းတွေရဲ့ အလယ်မှာ။
တစ်ခုတော့ စဉ်းစားမိတယ်။ အာဖရိကကို ရောက်နေတာလားလို့.. အဟီး။ စားပြီးတော့ ခရီးဆက်ကြပြန်ရော။ နေ့လည်လောက် ရွာထဲကို ၀င်ကြတယ်။ လူစည်ကားတဲ့ နေရာမှာ ကားရပ်ပြီး။ အဲဒီက လူတစ်ယောက်ရဲ့ အကူအညီနဲ့ ရေတွေ ဝေကြတယ်။
ကားရောက်ပြီဆိုတာနဲ့ အိမ်တိုင်းအိမ်တိုင်းက ရေပုံးလေးတွေ ကိုယ်စီနဲ့ ထွက်လာကြတယ်။ (ရေဘေး ဒုက္ခသည် တွေလို ဖြစ်နေကြတာ)။ သူတို့ဆီက ရေက နွေဘက်ဆို သောက်လို့မရဘူးလေ။ ကျမတို့ ကျောင်းသား အုပ်စုထဲမှာ ရွာခံ နှစ်ယောက်ပါတယ်။ ဒီတော့ သွားချင်တဲ့နေရာ ဦးဆောင်လိုက်ပို့ပေးတာပေါ့။ အရင်ဆုံး သွားရတာက ဘုန်းကြီးကျောင်း။ ပြီးတော့ ဘုန်းကြီးကျောင်းရဲ့ အနောက်က ပင်လယ်ပြင်ကြီးဆီကို။
ရေကျချိန်ဆိုတော့ ပင်လယ်ရေစပ်ကို ရောက်ဖို့တော်တော် ဝေးဝေးကို သွားရတာ။ ကျမတို့ သူငယ်ချင်း လေးယောက်က ထိပ်ဆုံး။ တခြားသူငယ်ချင်းတွေက နောက်မှာ။ ပင်လယ်ရေက နည်းနည်းနောက်နေတယ်။
ခရုတွေလည်း ကောက်ကြတယ်။ ပြီးတော့ အော်လိုက်.. ဟစ်လိုက်နဲ့ စိတ်လွတ် လက်လွတ် ပျော်နေကြတာပဲ။
“ဟဲ့.... ကလေးတွေ.. ပြန်လာကြတော့လေ။ ခဏနေရင် ရေတက်လာတော့မယ်။ နေကလည်း ပူတယ်..” ။ အားလား.. ငှက်ဆိုးသံကြီးလိုပဲ.. (ဆရာသိရင် တော့ထိပ်ခေါက်မှာ)။ လှည်ကြည့်လိုက်တော့ သင်္ချာဆရာ။ အသားက မဲမဲနဲ့ ဖင်က ကောက်ကောက်.. ဗိုက်က ပူပူ။ ရုတ်တရက်ကြည့်လိုက်ရင် န ငယ်နဲ့ နင်လားငါလား။ ကျမတို့ကလည်း သိတဲ့အတိုင်း။ နားပေါက်တစ်ဖက်တည်း ရှိတယ်လေ.. အုပ်စုတောင့်ရင်.. အဟဲ။ ဆရာက ဒီဘက်က လိုက်။ ကျမတို့က ဟိုဘက်က ပြေးနဲ့။
နေလည်းပို ပူလာရော.. ကျမတို့ ဖြတ်ခဲ့တဲ့ နေရာတွေကို ခြေထောက်က ကြာကြာ ချလို့မရတော့ဘူး။ ဆားရေကလည်း ဖြစ်.. နေကပူတော့ ကျမတို့ ခြေထောက်တွေကို ဆားနယ်ပြီး မီးကင်ထားတဲ့အတိုင်းပဲ။ ဒါနဲ့ မတိုင်ပင်ထားပဲ ပြေးကြပါလေရော။ ဆရာကတော့ ထုံးစံအတိုင်း လုံချည်စလေးဆွဲပြီး နောက်ဆုံးက ပြေးလိုက်လာတယ်။
ဘုန်းကြီးကျောင်း ၀င်းထဲလည်း ရောက်ရော ခြေထောက်တွေ ရေဆေး။ ပြီးတော့ ကားဆီ ပြန်လာကြတယ်။ ကားနားရောက်တော့ ရေက ကုန်နေပြီ။ ဗိုက်ကလည်းဆာ..။ ဒါနဲ့ ဆရာ့ကို ပူဆာပြီး စားသောက်ဆိုင်ထဲကို ခပ်တည်တည်နဲ့ ၀င်ပြီး နေရာယူလိုက်တော့.. လားလား.. ဆယ်ကျော်သက်တွေနဲ့ ဆိုင်တစ်ခုလုံး ပြည့်သွားပြီပေါ့။ လူကလည်း နည်းနည်းမှမနည်းပဲ။ ဒါတောင် မလိုက်လာတဲ့လူက တစ်ဝက်လောက်ရှိသေးတယ်။
ကျမတို့ သူငယ်ချင်း လေးယောက်က တစ်ဝိုင်း .. ။ အားရပါးရစားကြတာပေါ့။ ပြီးတော့ ရွာခံ ကျောင်းသားရဲ့ အိမ်ကို ဒိုးကြပါလေရော။ သူက အဲဒီရွာက ဥက္ကဌသားလေ။ သူတို့ အိမ်ရှေ့မှာ ကားရပ်။ ပြီးတော့ သူ့အမေကျွေးတဲ့ မုန့်ကို အားမနာ လျှာမကျိုး ၀င်စားကြပြန်ရော။ ပြီးတော့ ကျမတို့လေးယောက်ရဲ့ မျက်စိက သူ့အိမ်ရဲ့ မျက်နှာချင်းဆိုင် ကားရပ်ထားတဲ့ ဘေးနားက သရက်ပင်ကို ရောက်သွားတယ်။
မင်းခန့်က စဖောက်ပြီ။ “ဟိတ်.. တို့တွေ.. ကားပေါ်ကနေ သွားခူးရအောင်..”။ ဒါနဲ့ နဂိုက လက်မတို့ခင်ကတည်းက ပါချင်နေတဲ့သူတွေဆိုတော့ သူ့နောက်က တန်းစီပြီးလိုက်သွားရော။ တခြားသူငယ်ချင်းတွေလည်း ပါတယ်။ ဒါနဲ့ အဆင်သင့်ပဲ.. ကားပေါ်တက်ပြီး ခူးကြတာပေါ့။ တယောက် တကိုက်နဲ့ သရက်သီး သုံးလုံး တစ်ခါတည်းပြောင်ရောပဲ။ ခဏနေတော့ နောက် ရွာခံကျောင်းသား တယောက်အိမ်ကို သွားကြပြန်ရော။
ဘယ်ရမလဲ။ စားလက်စဖြစ်နေတော့ လမ်းမှာ လက်လှမ်းမှီသမျှ သရက်ကိုင်းတွေကိုဆွဲပြီး ခူးကြတာပေါ့။ ပြီးတော့ အဲဒီတယောက်အိမ် ရောက်တဲ့အခါကျတော့ ကျမတို့ ဗိုက်လေးနေပြီ..။ ဒါနဲ့ ဆိုဖာတွေပေါ်ထိုင်ပြီး အညောင်းဆန့်ကြပြီပေါ့။
ဆက်ရန်...
Thursday, February 19, 2009
မမေ့နိုင်တဲ့ အတိတ်နေ့များ
Posted by ရောင်ပြန် at 5:09 PM 2 ပဲ့တင်သံ
Labels: ၀တ္ထု
Wednesday, February 18, 2009
မမေ့နိုင်တဲ့ အတိတ်နေ့များ
မမေ့နိုင်တဲ့ အတိတ်နေ့များ
အပိုင်း (၁)
မွန်ပြည်နယ်.. ပေါင်မြို့  နယ်က အခြေခံပညာ အထက်တန်း ကျောင်းခွဲတကျောင်းမှာ ဖြစ်ပါတယ်..။ အချိန်က စာမေးပွဲတွေဖြေပြီးလို့.. နောက်တစ်နှစ် ဆယ်တန်းအတွက် ကိုးတန်းကျောင်းသားတွေကို သုံးလပြတ် စခန်းသွင်း လေ့ကျင့်ပေးနေတဲ့ အလွန်ပူပြင်းတဲ့ နွေရာသီ ဧပရယ်လ..။
ဆူဆူညံညံအသံတွေက အခန်းထဲဆရာဝင်လာတဲ့အချိန်မှာ.. ချက်ချင်းပဲ ဘုရားပွဲတော်ကနေ တရားစခန်း ရောက်သွားသလို ငြိမ်သက်ကုန်ကြတယ်.. (မီးကို ရေနဲ့ ငြိမ်းရင်တောင် ရှဲခနဲ့ အသံမြည်အုံးမှာ)..။ ဆရာ့ကို ကြောက်လို့တော့ မဟုတ်။ လက်ထဲက ကြိမ်လုံးကိုသာ..။ ဆရာကလည်း ဒီချို့ ယွင်းချက်ကို သိပုံရတယ်။ တချိန်လုံး ကြိမ်လုံးကိုင်လို့..။
“အားလုံးနားထောင်ကြ... နောက်တပတ် ဆရာတို့ အလှပ်ဆိုတဲ့ ကျေးရွာမှာ ရေသွားလှူဖို့ရှိတယ်.. လိုက်ချင်တဲ့သူ စာရင်းပေးထားကြ” တဲ့။ တီးတိုးတိုင်ပင်သံတွေ ပြန်ထွက်လာခဲ့တယ်။ အလှပ်ဆိုတာက ပင်လယ်နားက ကျေးရွာလေးတရွာ..။
အားလုံး ငြင်းဆိုသူမရှိ.. တပြိုင်တည်း ခေါင်းညိတ်လိုက်တာ.. ပုတ်သင်ညိုနဲ့ နင်လားငါမြင်းပဲ။ ကျောင်းနဲ့အိမ် လည်ချိန်မရှိတဲ့သူတွေဆိုတော့ ၀မ်းသွားချင်တုန်း အိမ်သာတွေ့လိုက်ရသလို.. မသွားဖူးတဲ့ အရပ်ကို သွားချင်စိတ်က တားမရဆီးမရနဲ့ နောက်တစ်ပတ်ကို အမြန်ရောက်သွားစေချင်ကြတာ အားလုံးရှဲ့ဆန္ဒ။ (တခြားနေရာတွေမှာသာ စိတ်ချင်းမတူတာ)။ ဆရာသိရင်တော့ ကြိမ်လုံးနဲ့ ခေါင်းကိုခေါက်မှာ သေချာတယ်..။ မ လည်ချင်.. မောင် လည်ချင်တွေ လို့လေ။
ဟော.. ကျမတို့ မျှော်နေတဲ့ နေ့ကို ရောက်လာခဲ့ပါပြီ။ “ ဟေး.. ခရေ.. ခရေ.. နင်မပြီးသေးဘူးလား.. မြန်မြန်လုပ်” တဲ့ ။ ဆူညံဆူညံနဲ့ မင်းခန့်တို့.. နေခြည်တို့.. မိုးတိမ်တို့ ရယ်.. အသံကောင်း ဟစ်နေကြပါလား။ ဟွန့်.. ဒင်းတို့က ဒီနေ့မှ စောစောစီးစီး ၀ီရိယ ကောင်းနေလိုက်ကြတာ..။ ခါတိုင်း နေဖင်ထိုးလို့ မထတဲ့သူတွေကများ။
“ ဟဲ့.. ကောင်စုတ်တွေ.. တိုးတိုးဟ.. ဖေဖေအိပ်နေတယ်.. ငါက ပြီးပါပြီဟ.. နင်တို့ကိုက ကဲလွန်းတာ”။ ပြောပြောဆိုဆို အိမ်ပေါ်ကအဆင်း... “ချစ်စရာ ကောင်းလိုက်တာ ခရေရယ်..” နေခြည်ရဲ့ တအံ့တသြ ပြောသံအဆုံး ရှက်ရှက်နဲ့ ဟိုဟိုဒီဒီအကြည့် မင်းခန့်ရယ် အငေးသားနဲ့ ဖြစ်နေလေရဲ့။ မိုးတိမ့်ကတော့ ထုံးစံအတိုင်း ခပ်တည်တည်နဲ့။ပြီးတော့ ကျမတို့ လေးယောက်စလုံး ကျောင်းကို ချီတက်ကြပါတော့တယ်။
လေးယောက်လုံးက တကယ့် သူငယ်ချင်း အရင်းခေါက်ခေါက် တွေလေ။ ပြောမနာ ဆိုမရ တွေပေါ့။ ဒါပေမယ့် ဒီဇာတိတွေ မဟုတ်ကြဘူး။ မင်းခန့်ကတော့ ရန်ကုန်က ပြောင်းလာတာ မကြာသေးဘူး။ မိုးတိမ်က ရှမ်းပြည်နယ် အင်းလေးက။ နေခြည်က မန္တလေး၊ ကျမက ပြင်ဦးလွင်က။
နေရပ်ဒေသ အသီးသီးက လာတဲ့သူတွေဆိုတော့ ခဏလေးနဲ့ ခင်သွားကြတယ်။ အဖော်ငတ်လို့လေ..။ တယောက်ချင်းစီက မခေတဲ့သူတွေ။ လေးယောက်ပေါင်းတော့ လောင်းကျော်သွားတာပေါ့။ ကျောင်းစာမှာလည်း တော်ကြသလို အဆင့်တွေကိုလည်း တယောက်တလှည့်စီ ယူနေကြသူတွေ။
စရိုက်တွေကတော့ နည်းနည်းကွာတယ်။ မိုးတိမ်က စေ့စပ်တယ်.. အနေအထိုင် အေးဆေးတယ် .. သိုသိပ်တယ်.. တဖက်သားကို ငဲ့ညှာတယ်။ မင်းခန့်က ပျော်တတ်တယ်.. အစသန်တယ်.. ပွင့်လင်းတယ်။ ကျမက ရှက်တတ်တယ်... အားနာတတ်တယ်.. ဖော်ရွေတယ် ။ နေခြည်က သွက်လက်တယ်.. ခေတ်မီတယ်.. လိုချင်တာကို ရအောင်ယူတတ်တယ်။
ကျမတို့အားလုံး ဥာဏ်ကောင်းကြပါတယ်။ တယောက်ကို တယောက် ကူညီကြတယ်။ အရမ်းချစ်ကြတယ်။ ကျမတို့ နှစ်ယောက်နားကို ကောင်လေးတွေ လာကပ်ရင် မိုးတိမ်နဲ့ မင်းခန့်တို့ရဲ့ မျက်နှာက ကျီးအာသီးတွေ ကျနေတာပဲ။ တစ်နေ့ ကျမတို့ နှစ်ယောက် ဘုန်းကြီးကျောင်းသွားတော့ ကောင်လေးတသိုက်ရဲ့ နှောင့်ယှက်တာကို ခံရပါလေရော။ အရမ်းရှက်ဖို့ကောင်းတာပဲ..။
တော်သေးတယ်။ အဲဒီ နှစ်ယောက် ဆရာ့အိမ်က ပြန်လာတာနဲ့ ကြုံလို့ပေါ့။ အဲဒီကစပြီး ကျမတို့သွားတိုင်း သူတို့က ဘေးနားကနေ လိုက်စောင့်ရှောက်ပေးတာ။ ကိုယ်ရံတော်တွေပေါ့။
ခုလည်း သူတို့ စက်ဘီးနောက်ကနေပဲ လိုက်စီးရပြန်ပြီ။ “ခရေ.. လာ ဒီမှာလာစီး”။ ထုံးစံအတိုင်း မင်းခန့်က သူ့စက်ဘီးပေါ်က ခေါ်နေတယ်။ နေခြည်က မိုးတိမ်ရဲ့ စက်ဘီးနောက်မှာ။ ကျောင်းရောက်တော့ လူတောင် သိပ်မရှိသေးဘူး။
“ပန်းသွားခူးရအောင်” နေခြည်ရဲ့ တိုက်တွန်းသံအဆုံး ကျမတို့နှစ်ယောက် ကျောင်းဝန်းထဲက ပိတောက်ပင်အောက် ရောက်သွားကြတယ်။ အပင်အောက် ရောက်ရောက်ချင်း “ ရတဲ့သူယူ ” ဆိုပြီး ပန်းတခက် ကျမခေါင်းပေါ် ပြုတ်ကျလာတယ်။ ခဏတော့ ပြုံးစိစိ မျက်နှာပေးနဲ့ မင်းခန့် အပင်ပေါ်က ဆင်းလာလေရော။
“ငါကတော့ အတူတူပဲ..”ဆိုပြီး ပန်းနှစ်ခက်နဲ့ ကျမတို့ရှေ့ကို ရောက်လာတာက မိုးတိမ်။ သူ့မျက်လုံးတွေက ကျမဆီကို စူးစိုက်ကြည့်နေလေရဲ့။ ဒါပေမယ့် ခဏလေးပဲ။ နေခြည်ကတော့ အကောင်းဆုံးအခက်လေးကို လုယူသွားလေရဲ့။
“အား.. ငါ့ဖိနပ်ပြတ်သွားပြီ ခရေ.. ရေ”..။
“ဘယ်လိုလုပ်မှာလဲ နေခြည်ရ။ ဒီနေ့ တစ်နေ့လုံး သွားရမှာပါဆို”
“အစောကြီး ရှိသေးတာပဲ.. ငါဖိနပ်သွားဝယ်လိုက်အုံးမယ်..”
“ အတော်ပဲ ငါလည်း နေခြည်နဲ့လိုက်ပြီး တို့အတွက် စားစရာတွေသွားဝယ်မယ်.. မိုးတိမ်နဲ့ ခရေက ဒီနားမှာနေခဲ့”
သူတို့ နှစ်ယောက်လည်း ထွက်သွားရော။ ကျမတို့နှစ်ယောက် ပန်းတွေ ဆက်ခူးကြတယ်။ “ မိုးတိမ်ရေ.. ဟိုနားက အခက်လေးလှတယ်ဟ.. အား” ။ ကမ္ဘာကြီးတခုလုံး ခြာခြာလည်သွားသလိုပဲ..။ ပြီးတော့ ကျမမေ့သွားတယ် ထင်ပါရဲ့..။
ဆက်ရန်...
Posted by ရောင်ပြန် at 3:48 PM 9 ပဲ့တင်သံ
Labels: ၀တ္ထု
Tuesday, February 17, 2009
ကျမရဲ့ ဒိုင်ယာရီပုံပြင်
ကျမရဲ့ ဒိုင်ယာရီပုံပြင်
ဒိုင်ယာရီဆိုတာ အမှတ်တရတွေကို သိမ်းထားပေးတဲ့ ပြတိုက်လေး တခုအဖြစ် ကျမကတော့ မှတ်ယူထားပါတယ်။ ကျမ ဒိုင်ယာရီ ရေးရပျင်းမှန်း.. ကြွားတော့မယ်ဆိုတဲ့ ပို့စ်မှာ ပြောထားပြီးတဲ့အတွက်.. သိကြမှာပါ။ ဒါပေမယ့် သူများကို ရေးခိုင်းပြီး သိမ်းရတာတော့ ၀ါသနာပါတယ်။ အဟဲ..။ ကျမအတွက် အဖိုးတန်တဲ့ ဒိုင်ယာရီ စာအုပ်နှစ်အုပ်ရှိပါတယ်။
ကျမ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေရေးထားပေးတဲ့ စာအုပ်လေးတွေပါ။ သိမ်းထားခဲ့တာ သုံးနှစ် ရှိပါပြီ။ ကျမစိတ်ဓါတ်ကျတိုင်း အဲဒီစာအုပ်လေးကို ဖွင့်ဖတ်တဲ့အခါ အဲဒီတုန်းက အချိန်တွေကို ပြန်ရောက်သွား သလိုပါပဲ။ ဒီစာအုပ်နှစ်အုပ်က ဘာလို့အရေးကြီးလဲဆိုရင် အဲဒီအချိန်က အဲဒီနေရာက အဲဒီလိုပုံစံမျိုးနဲ့ နောက်ဆို ဘယ်တော့မှ ပြန်တွေ့မှာ မဟုတ်လို့ပါပဲ။
ဒီနေ့ မနက်လည်း ကျမ အဲဒီစာအုပ်လေးတွေကို ဖွင့်ဖတ်မိပြန်တယ်။ တပြိုင်တည်းမှာပဲ ပို့စ်လေးတစ်ခု ရေးမယ်လို့ စိတ်ကူးရလိုက်တယ်။ (အမှန်က ရေးစရာမရှိလို့.. :D)။
တစ်ချို့  သူငယ်ချင်းတွေ ရေးထားပေးတဲ့ Auto လေးတွေမှာဆို အရင်က အငွေ့အသက်လေးတွေ လွှမ်းနေတတ်ပါတယ်။ သူတို့ ရေးထားပေးတဲ့ ပုံကို သူတို့လက်ရေးအတိုင်း ဓါတ်ပုံရိုက်ပြီး ပြန်ဖော်ပြထားပေးပါတယ်။ (ကိုယ့်သူငယ်ချင်းတွေ ကိုယ့်ကို ဘယ်လောက်ချစ်လဲ ကြွားတာလေ... အဟိ)။
ဒါကတော့ ကျမသူငယ်ချင်း ကရင်မလေး တယောက်ရဲ့ ဆုတောင်းလေးပါ.. “ ဘ၀တကွေ့မှာ တွေ့ကြုံရမယ့် ဆူးကန္တာရကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါစေ” တဲ့...
ဒါက နောက်သူငယ်ချင်း တယောက်ပါ.. သူကလည်း ကျမအတွက် ကဗျာလေး တပုဒ် ရေးပေးခဲ့ပါတယ်... သူ့ကဗျာက..
“ တနယ်တကျေး ဟိုအဝေးကို
သွားရတော့မယ်
သူငယ်ချင်းရယ်
ဌာနေပြည်ကြီး သူ့အရပ်ကို
ပြန်ရတော့မယ်
သူငယ်ချင်းရယ်
အချိန်တန်လို့ ပြန်ရတာ
စိတ်မှာမှတ်ပေါ့
သူငယ်ချင်းရယ်တဲ့”...။
ဒီတစ်ခုကတော့ သူငယ်ချင်း ကောင်လေးတယောက် ရေးပေးထားတာပါ။ အခုတော့ သူအိမ်ထောင်ကျသွားပြီ..။ (မြန်လိုက်တာနော်.. :P)။ သူ့ရဲ့ အမှတ်တရ စာသားလေးက....
“ လရောင်းကင်းသောညသည် မတင့်တယ်
လှိုင်းတံပိုးမှကင်းသော သမုဒ္ဒရာသည် မတင့်တယ်
ဟင်္သာကင်းသော ရေကန်သည် မတင့်တယ်
သူငယ်ချင်းကင်းသော လူ့ဘ၀သည်လည်း မတင့်တယ်” တဲ့....။
ဒီမမကလည်း သူငယ်ချင်းပါပဲ။ ကျမထက် တစ်နှစ် ကြီးတယ်...။ သူရဲ့ ကျမအတွက် မှတ်ချက်က “သိပ်ကို လေပန်းတယ်” တဲ့..။ (ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ရတာတော့ ခပ်ရှက်ရှက်...)။ ဒါလည်း ကျမအတွက် အမှတ်ရလေးပါပဲ...။ ကျောင်းတုန်းကဆို.. စုပြီး လေပေါနေကျ.. (ဘယ်ရမလဲ သူ့ကိုပါ ဆွဲထည့်လိုက်ပြီ.)..။
ဒီသူငယ်ချင်း တယောက်ကတော့ လူကို ငိုအောင် စပြီးမှ ပြန်ချော့တာလေ.. ဟွန့်။ အစသန်တယ်။ သူ့ပုံတူ လေးပါ။ သူ ဆွဲထားပေးတာလေ။ တကယ်တူတယ်သိလား။ အရမ်းခင်စရာကောင်းတဲ့ ရိုးသားတဲ့ ကရင် ကောင်လေး တယောက်ပါ..။
ဒီသူငယ်ချင်းက ကိုယ့်ကဗျာနဲ့ ကိုယ့်ကို တရားပြန်ချတဲ့သူပေါ့.. အဟဲ..။
သူကတော့ ကျမရဲ့ အမတ၀မ်းကွဲလည်းဖြစ်.. သူငယ်ချင်းလည်း ဖြစ်တဲ့ သူပေါ့။ သူ့ရဲ့ ကျမကို ဖျောင်းဖျတဲ့ စကားလေးက....
“ရေထဲက ဗေဒါပင်တွေဟာ..
လေကြောင့်ပဲ ပေါင်းဆုံကြသလို..
လေကြောင့်ပဲ ခွဲခွါကြရတယ်..
ဘ၀ပင်လယ်ပြင်က လူသားတွေဟာလည်း
ကံကြောင့်ပဲ တွေ့ဆုံကြသလို...
ကံကြောင့်ပဲ ခွဲခွာကြရတယ်...
ဒါကြောင့် လမ်းခွဲမှ ၀မ်းမနည်းကြပါနဲ့...
ကံမကုန်ရင် ပြန်ဆုံကြမှာမို့” တဲ့.....။
တကယ်ပဲ သူငယ်ချင်းတွေအားလုံး နောက်ဆုံးတွေ့ကြတဲ့ ကျောင်းနှုတ်ဆက်ပွဲညမှာ ငိုခဲ့ကြတယ်...။ သူတို့ရဲ့ ကျမအတွက် အမှတ်တရလေးတွေက ဆွဲဆောင်မှုရှိတဲ့ ပုံပြင်တွေလို ဘယ်တော့မှ မေ့လို့မရခဲ့ဘူး..။ ဘလော့ဂ်ဂါ ကိုကို မမ.. မောင်လေး.. ညီမလေးတွေအားလုံး.. သူငယ်ချင်းတွေရဲ့အမှတ်တရလေးက ဘ၀အတွက် အားဆေးတွေ ဖြစ်ပါစေနော်..။ :) :P :D
Posted by ရောင်ပြန် at 5:06 PM 9 ပဲ့တင်သံ
Labels: ရသ
Monday, February 16, 2009
အပျင်းပြေ
အပျင်းပြေ
ကဲ.. ဒီတစ်ခါတော့ ပျင်းရင် ကစားနေကျ ဂိမ်းလေးတစ်ခု မျှဝေမယ်နော်..။ Super Miner လို့ခေါ်တယ်..။ မီးမီးကတော့ အလွယ်နဲ့ ရွှေတုံးဆွဲတဲ့ ဂိမ်းလို့ တစ်ခါတစ်လေ ခေါ်တယ်..။ အဟီး..။ ကိုကို မမတို့လည်း.. မြည်းစမ်းကြည့်ပေါ့..။ ပျော်စရာကောင်းပါတယ်...။ ရွှေတုံးတွေရရင်လည်း ဖွက်မထားနဲ့နော်..။ တစ်ယောက် တစ်ဝက်.. အဟဲ..။ ကဲ.. ဒီအောက်က လင့်ခ် ကနေတစ်ဆင့် သွားပြီး ရွှေတုံးဆွဲရအောင်နော်.. အဟက်..။
Super Miner
Click here to play this game
Posted by ရောင်ပြန် at 4:52 PM 2 ပဲ့တင်သံ
Labels: ဂိမ်း
Sunday, February 15, 2009
ကြွားတော့မယ်
ကြွားတော့မယ်
မမ၀ါဝါက တက်ဂ်ထားတာလေ..။ ကြာလှပေါ့.. ။ ကြွားစရာမရှိတော့ စဉ်းစားနေတာနဲ့ ကြာသွားတာ.. အဟဲ..။ အကြိုက်ဆုံး ပစ္စည်းတွေက များတာကိုး။ ကြိုက်တဲ့ တိုလီမုတ်စတွေ အများကြီးပဲ။ သေးသေးလေးတွေ စုထားတာ ကြိုက်တယ်ဆိုတော့..။ ကဲ.. ကြွားပြီနော်..။
ဒါကတော့ ဒိုင်ယာရီစာအုပ်လေ...။ ဒိုင်ယာရီရေးရပျင်းပါတယ်ဆိုမှ.. လက်ဆောင်ကလည်း ဒိုင်ယာရီစာအုပ် သက်သက်ပဲ။ ကျောင်းမှာဆို ဆရာမက ဒိုင်ယာရီရေးခိုင်းတာ အရမ်းပျင်းတာပဲ.. :D။ ဒါပေမယ့် စုတာတော့ ၀ါသနာပါတယ်..။ အဟီး..။ တစ်ခါတစ်လေ မရေးရသေးပဲ ဒိတ်ကုန်ပြီး နောက် တစ်နှစ်ကူးသွားတာလည်း ရှိသေး..။
ဒါကတော့ အရုပ်လေးတွေလေ.. အိပ်မပျော်လို့ အရုပ်ဖက်အိပ်ရင် ခဏလေး အိပ်ပျော်သွားရော..။ ခုဟာက အမတွေဟာလည်း ယူရိုက်ထားတာ။ အဟီး.. ရှူးတိုးတိုး..။ သွားပြန်မပြောနဲ့နော်။ အဟဲ..။
ဒါကတော့ နားကပ်လေးတွေလေ..။ နားကပ် တွဲလောင်း တွဲလောင်းလေးတွေဆို ကပ်နားကပ် ထက် ပိုသဘောကျတယ်။ နားမှာ ၀ဲနေလို့..။
ဒါက သော့ချိတ်လေးတွေ..။ ဖုန်းချိတ်လည်းပါတယ်..။ အရမ်းကြိုက်လို့..။ တစ်ချို့ ဟာတွေက ပျက်သွားပြီ။ အရမ်းစည်းကမ်း ကောင်းတယ်နော်..။ အဟိ။
ကလစ်သေးသေးလေးတွေ နဲ့ နောက်တစ်ပုံက ဖန်စီဆွဲကြိုးလေးတွေပေါ့..။
ပိုက်ဆံအိတ်သေးသေးလေးတွေ... ဟဲ... အားလုံး သေးသေးလေးတွေကြီးပဲနော်..။ အဟဲ. ကဲ.... မမ၀ါရေ.. အကြွေး ကျေးပါပြီနော်..။ :D...။ ရှိသမျှအကုန် ထုတ်ကြွားရတာ ရှက်စရာတော့ အကောင်းသား.. အဟဲ..။
Posted by ရောင်ပြန် at 3:55 PM 5 ပဲ့တင်သံ
Labels: တက်ဂ်
Saturday, February 14, 2009
ချစ်သူများနေ့ ဆိုတဲ့ ဖေဖော်ဝါရီ 14
ချစ်သူများနေ့ ဆိုတဲ့ ဖေဖော်ဝါရီ 14
ငယ်ငယ်တုန်းကတော့ ဖေဖော်ဝါရီ ဆယ့်လေးဆို ဘာမှန်းမသိ...။ ကျောင်းနေတုန်းကတော့... သူတို့တွေ ပန်းတွေလဲ ကြတာပဲ။ ဒါပေမယ့် အရမ်းကြီး အရေးတယူပုံစံမျိုးတော့ မဟုတ်ပါဘူး။ (တခြားနေရာတော့ သိဘူးနော်.. ကျမသိသ လောက်လေးနဲ့ လူတတ်ကြီး လုပ်နေတာ)။
အရွယ်ရောက်လာတော့လည်း ဖေဖော်ဝါရီဆယ့်လေး ဆိုတာ သေချာသတိမထားမိပါဘူး..။ လွန်ခဲ့တဲ့ သုံးနှစ်လောက် ကမှ သတိထားမိတာ...။ ချစ်သူရှိလာလို့ သတိထားမိတာ မဟုတ်ပါဘူး.. အဟဲ။
ကျမလက်ခံထားတဲ့ ချစ်သူများနေ့ဆိုတာ.... အဲဒီနေ့ရောက်ရင် ကိုယ်ချစ်တဲ့သူ (ချစ်သူသာမက အဖေ.. အမေ.. သူငယ်ချင်း.. စသဖြင့်ပေါ့) တွေအချင်းချင်း ပန်းတွေပေးကြ ပန်းစည်းတွေပို့ကြ.. ပို့စကတ်တွေ ပို့ကြနဲ့ ပျော်စရာပါ..။
ခုတော့ ကျမ ဒီနေ့လေးကို အမှတ်တရ ရှိတတ်လာပါပြီ။ ဒီနေ့ကြောင့် ပြသနာဖြစ်ရတာကော (သူငယ်ချင်းတွေနဲ့ သွားခိုးလည်လို့ အိမ်အပြန်အဆူခံရတာ .. အဟဲ)..။ ကြေကွဲဝမ်းနည်းဖွယ်ကောင်းတာတွေကော (အဲဒီနေ့မှာ ဆုံးသွားတဲ့သူတွေ အတွက်ပါ..)..။ အမှတ်တရ ဖြစ်စရာတွေကော.. (သွားလည်ရင်း မုန့် လုစားကြတာတွေ) အားလုံးကြောင့်ပါ..။
ဘယ်လိုပဲဖြစ်ဖြစ် ခုတော့ အဲဒီနေ့ရောက်ရင် ရင်ခုန်တတ်လာပြီ။ ချစ်သူစုံတွဲရှိကြတဲ့ သူငယ်ချင်းတွေ အတွက် ၀မ်းသာပေးတာရော..။ သူငယ်ချင်းတွေနဲ့ သွားလည်ရတာကော..။ သူတို့ပေးတဲ့ လက်ဆောင်ရတာကြောင့်ရော.. အဟဲ..။ အကုန်လုံးပေါ့။ ဘာပဲဖြစ်ဖြစ် ချစ်သူများနေ့မှာ ကိုယ်ချစ်ခင်တဲ့သူတွေအားလုံးရဲ့ မျက်နှာမှာ တစ်စက္ကန့် လေးပဲဖြစ်ဖြစ် အပြုံးလေးတစ်ပွင့်တော့ မြင်ချင်ပါတယ်...။
Happy Valentine Day! Cheer U all!
Posted by ရောင်ပြန် at 4:13 PM 3 ပဲ့တင်သံ
Labels: ရသ
Friday, February 13, 2009
အောင်ဆန်းဇာနည်
ဒါကြောင့် ငယ်ငယ်က သင်ခဲ့ရတဲ့.. ရင်ထဲမှာစွဲနေတဲ့ ကဗျာလေးတပုဒ်ပေါ့... တိုင်းပြည်ရဲ့ ဖခင်အတွက် ရေးစပ်ထားတဲ့ ကဗျာကို တိုင်းပြည်ရဲ့ ရတနာလေးတွေအတွက် ပြန်လည်ဖော်ပြပေးလိုက်တယ်နော်.... :) :D..။
ဖေဖော်ဝါရီ 13 ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ...။
၁၉၁၅
ရှေ့နေဦးဖာသား..။
ဇာတိနတ်မောက်
မကွေးခရိုင်
သိကြများ ယခုတိုင်..။
ကြံ့ကြံ့ခိုင်တဲ့
ဇာနည်ဖွား
မိခင်ဒေါ်စုသား..။
၁၉၄၇
ပြောင်းကြွ တမလွန်..။
မျက်ရည်သွန်းလို့
ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး....။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်...။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား...။
ပြည်ထောင်လွတ်ရေး
ကြိုးပမ်းအောင်
ဗိုလ်ချုပ်တို့ခေါင်းဆောင်...။
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား...။
Happy 94 year Birthday, General Aung San....!
Posted by ရောင်ပြန် at 11:34 AM 6 ပဲ့တင်သံ
Labels: ကဗျာ
Thursday, February 12, 2009
ဖေဖေ
“ဘာလိုလိုနဲ့ ဖေဖေဆုံးတာ ဆယ့်သုံးနှစ်တောင် ရှိပါကောလား”။ ရှားရှားပါးပါး တစ်ပုံ တည်းရှိတဲ့ ဖေဖေ့ဓါတ်ပုံကို ကြည့်ရင်းနဲ့ အမှတ်မထင် ရေရွတ်လိုက်မိတယ်။ ဖေဖေက ဓါတ်ပုံရိုက် အရမ်းပျင်းတာ။ ၀ါသနာလည်းမပါဘူး။ (သူ့သမီးတွေနဲ့များ ကွာပါ့…:P)။ ရှိတဲ့ ဓါတ်ပုံကလည်း ခြလက်ထဲက မနည်းလုထားရတာ။ နှစ်တွေကလည်း ကြာခဲ့ပြီကိုး။
ဖေဖေက ကျမတို့ မိသားစုအတွက် မိုးဒဏ်၊ လေဒဏ်၊ နေဒဏ်ခံနိုင်တဲ့ ခိုင်ခံ့တဲ့ အဆောက်အအုံ ကြီးတစ်ခုနဲ့တူတယ်။ ဖေဖေ့ကြောင့် နေနဲ့တူပြီး ပူပြင်းတဲ့ ဘ၀အမောတွေ ကနေ ကင်းလွတ်ခဲ့ရပြီး၊ လေနဲ့တူတဲ့ ပတ်ဝန်းကျင်ရဲ့ အမျိုးမျိုးသော ရိုက်ခတ်မှုဒဏ်တွေ ကလဲ ကာကွယ် နိုင်ခဲ့တယ်။ မိုးနဲ့တူတဲ့ အေးစက်တဲ့ အငွေ့သက်တွေအစား နွေးထွေးတဲ့ မေတ္တာတွေနဲ့ နူးညံ့မှုတွေ လွှမ်းခြုံပေးခဲ့သူပဲ။
တကယ်တော့ ဖေဖေဟာ ကျမတို့ မိသားစုရဲ့ စံပြသူရဲကောင်း တစ်ဦးပါပဲ။ စည်းစနစ်ကြီးတဲ့ ဖေဖေ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ကျမတို့ မိသားစုတွေ သက်တောင့်သက်သာ ဘ၀တစ်ဆစ် ချိုးအထိ လျှောက်လှမ်းနိုင်ခဲ့တယ်။ ရုတ်တရပ် ကျမရဲ့ စိတ်တို့ ဖမ်းလို့မမိနိုင်ပဲ ဟိုးလွန်ခဲ့တဲ့ ဆယ့်သုံးနှစ်တာ ကာလကို ရောက်သွားခဲ့တယ်။
ဖေဖေရှိတုန်းက အပူအပင်မရှိ စားလိုက်၊ သောက်လိုက်၊ ကစားလိုက်၊ ကျောင်းသွားလိုက် နဲ့ တကယ့်ကို ပျော်စရာပါ။ ဆွေမျိုးတွေကြားမှာလည်း မျက်နှာမငယ်ခဲ့ရဘူး (စကောတပ် ထားတာဟုတ်ဘူးနော်.. မျက်နှာကို)။ သူများတွေရဲ့ အားကျစရာ မိသားစု ဖြစ်ခဲ့ရတယ်။
ကျမတို့ မိသားစုက မချမ်းသာပါဘူး။ သာမန် လူလတ်တန်းစား ၀န်ထမ်းမိသားစုလေးပါပဲ။ (ဖေဖေက မြေတိုင်းစာရေး၊ မေမေက ကျောင်းဆရာမလေ)။ ဖေဖေ လူဖြောင့်စိတ်တို တစ် ယောက်ပဲ။ ပိုက်ဆံလည်းမစားဘူး။ မတရားတာလည်းမလုပ်ဘူး။ ဒါကြောင့် ဖေဖေ့က လူ ချစ်လူခင်တအားများတာ။ ကျမတို့ကိုလည်း တစ်အားချစ်တာ။ ကျမတို့အတွက် အ၀တ်အ စားဆိုလည်း ဆင်တူတွေနဲ့ (တောက်တဲ့ ကျ နေတာပဲ… အဟား)။ တစ်ခါတစ်လေ ကျမ တို့က အငြိမ့်ကကြတယ်။ ဖေဖေတို့က ပရိသတ်ပေါ့။
အရမ်းပျော်ရွှင်ခဲ့ရပေမယ့် ကံဆိုးတဲ့ တစ်နေ့ကို ရောက်လာခဲ့တယ်။ ကံကြမာက မျက်လှည့် ဆရာတစ်ယောက်ဆိုတာ တကယ်မှန်တယ်။ ဖေဖေက ကျမတို့ဆီကနေ မဆုံး နိုင်တဲ့ ခရီးရှည်တခုအတွက် ထွက်ခွာသွားခဲ့ပြီလေ။ အရွယ်ကောင်းမုဆိုးမနဲ့ အရွယ်မ ရောက်သေးတဲ့ သမီးလေးယောက်ကို ထားသွားခဲ့ပြီးတော့ပေါ့။
ကျမတို့ရဲ့ အဆောက်အုံကြီးတစ်ခုလုံးပြိုပျက်သွားပြီးတဲ့ နောက်။ မမျှော်လင့်တာ တွေဖြစ် လာတယ်။ အခက်အခဲတွေနဲ့ ကြုံရတယ်။ ဖေဖေရှိတဲ့ အချိန်ကလို ပျော်ရွှင်မှုလေးတွေ မ ရနိုင်တော့ဘူးလေ။ ကျမ အားငယ်တိုင်း ဖေဖေ့ကို တမ်းတနေမိတယ်။
မိစုံဖစုံမရှိတဲ့ ဘ၀မှာ မျက်နှာငယ်စရာတွေလည်း ကြုံခဲ့ရတယ်။ ဖေဖေ့ကို သတိရတိုင်း ကံကြမာကိုပဲ အပြစ်တင်မိတယ်။ ဘာလို့ ကျမတို့ကို ရက်စက်ရတာလဲပေါ့။ လုံခြုံမှုမရှိတဲ့ ဘ၀ကနေကြီးပြင်းလာရတော့ လူက အလိုလိုသိမ်ငယ်နေရတယ်။ အရာရာကို ကြောက် တယ်။ ဒီကြားထဲ မေမေက အဝေးကြီးမှာ အလုပ်သွားလုပ်ရသလို ကျမတို့ ညီအမတွေ လည်း တစ်နေရာစီ။ မိသားစုတွေတွေ့ရင် တစ်ယောက်ယောက်က အမြဲတမ်းလိုနေတတ် တယ်။ ဒီကြားထဲ မြေနိမ့်ရာ လှံစိုက်ချင်တဲ့ သူတွေကလည်း ရှိသေး။
ငယ်ငယ်တုန်းက ဖေဖေ့ကို သတိရလို့ ငိုချင်တိုင်း တမလွန်မှာ ကျမတို့မျက်ရည်ထဲ လက်ပစ် ကူးနေရမှာစိုးလို့ မငိုခဲ့ရဘူး။ ခုထိလည်း ကျမငိုရင် ဖေဖေ မျက်ရည်ပင်လယ်ထဲ ကူးနေရ မယ်ဆိုတဲ့ ယုံကြည်မှုက ရှိတုန်း။ မမှန်မှန်းသိပေမယ့် လက်ခံယုံကြည်နေတုန်း။ ခုတော့ ကျမတို့ မိသားစု အတူတူ ပြန်ဆုံချိန်မှာ ဖေဖေ့ကို ရှိစေချင်လိုက်တာ။ ဖေဖေ ဘယ်ဘ၀များ ရောက်နေပြီလဲမသိ။
အတွေးပင်လယ်ထဲ လက်ပစ်ကူးနေလိုက်တာ သတိရတော့ နေကစောင်းနေပြီ။ မနက်က တည်းက စိမ်ထားတဲ့ အ၀တ် မလျှော်ရသေးဘူး။ ဒီတော့ ထုံးစံအတိုင်း အ၀တ်ချဉ်ဖတ် စိမ် ရအုံးမယ်ထင်ပါ့။ ဖေဖေ့ ဓါတ်ပုံလေးကို အသာချလို့ အတိတ်မြို့ တော်ဆီကနေ ထွက်ခွာခဲ့ လိုက်တော့တယ်။
Posted by ရောင်ပြန် at 9:58 AM 12 ပဲ့တင်သံ
Labels: ရသ
Monday, February 9, 2009
မဲဇာတောင်ခြေ (အကြိုက်ဆုံးကဗျာလေး)
လောက်က မမ မေသူက ပထမဆုံး မေးလ် ပို့လာတယ်။ ဘာလဲလို့ ကည့်
လိုက်တော့.. အကြိုက်ဆုံး ကဗျာအတွက် တက်ဂ် ထားတယ်တဲ့... အဲဒီ
အချိန်ကနေ တိုက်တိုက် ဆိုင်ဆိုင် (ရှောင်ပြေးတာတော့ ဟုတ်ရပါဘူး။)
ပို့စ်တွေမရေးဖြစ်တာ တစ်လတောင်ကျော် နှစ်လ နီးပါးတောင် ရှိသွားတယ်။
ခုမှ တက်ဂ် ရေးရလို့ စိတ်မဆိုးပါနဲ့ မမမေသူရှင့်... :D..။
ကျမ အကြိုက်ဆုံး ကဗျာလေးက လက်ဝဲသုန္ဒရ အမတ်ကြီးရဲ့ ကိုယ်တွေ့ဖြစ်
ရပ် ခံစားမှု ကဗျာလေးပါ။ ကျမလဲ ခု မဲဇာတောင်ခြေလောက် မဟုတ်ပေ
မယ့် ကိုယ့်တိုင်းပြည်နဲ့ ဝေးနေတာပါပဲ။ အချိန်မတန်သေးလို့ အိမ် မပြန်
သေးသရွေ့ကိုယ့်မွေးရပ်မြေကို လွမ်းလို့ ခံစားနေရမှာပဲလေ...။ (ခေတ်သစ်
မဲဇာမှာပေါ့နော်.... :D).. ကဲ... ဖတ်ကြည့်နော်.....။
မဲဇာတောင်ခြေ၊ စီးတွေတွေတည့်၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊
ရွှေပြည်ကိုသာ၊ တရှာတော့မိ.....။
မိုးရှိရှိလျှင်၊ သီရိကျက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊
ကုန်း မော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ ဆီမီး
ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မြွေ၊ စ၍
ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့် ပိတ်ဆီးခြယ်သန်း၊ လျှပ်
ရောင်တန်းမျှ၊ ရွှေန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမြော်ချင်၍၊
သည်တွင်ရွှေမြို့ ၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့
မည်၊ စိတ်ကရည်သည်။ ။ ရွှေပြည်ဌာန ဝေးသောကြောင့်..။ ။
သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တိုင်အောင်ခွင်ဝယ်၊
ရေရှင်ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းလိမ့်၊ တစ်ကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊
စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီး
ဆိတ်ညံ၊ ဆီးကျံကျံဝယ်၊ ဓူဝံမပေါ်၊ မမျှော်ပါရ၊ နေကိုတလည်း၊ ဘယ်ကရှေ့ 
နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်း
မောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်း ရှင့်၊
ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်။ ။
လေပြည်လာက အေးသောကြောင့်။ ။
ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊
တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊
မဲဇာချောင်က၊ တတောင်လုံးမှိုင်း၊ စ၍ ဆိုင်းသော်၊ တောင်တိုင်း ယှက်၍၊
ဝန်းကာဝှေ့သည်၊ တောင်ငွေ့  ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရော၊
မိုးမပါပဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်း ပေါက်လည်း၊ မိုးလောက်ပြင်းထန်၊
သွန်းချပြန်သော်၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်
မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့ရေ လှည့်လည်၊ တ လျက်မည်
သည်။ ။ နေခြည်ဖြာမှ နွေးသောကြောင့်။ ။
Posted by ရောင်ပြန် at 9:55 AM 6 ပဲ့တင်သံ
Labels: တက်ဂ်