တိုက်ဆိုင်မှုရှိတိုင်း
သတိရ အမှတ်ရခြင်းဟာ
အလွမ်းဆိုရင်
မင်းကို လွမ်းနေတယ်ထင်ရဲ့နော်.....။
အချိန်တိုင်းလွမ်းနေတာ
အချစ်ရဲ့ တစိတ်တပိုင်းဆိုရင်တော့
မင်းကို ချစ်နေမိတယ် ထင်ရဲ့ကွယ်.....။
နေမယ်ဆိုရင်
ထာဝရ ပိုင်ဆိုင်ချင်ပေမယ့်
ထွက်သွားမယ်ဆိုရင်လည်း
ပျံသန်းခွင့် မင်းကို ပေးလိုက်မယ်
အရာရာ မင်းရဲ့အမိန့်တိုင်းသာ..........။
ရယူခြင်းနဲ့ စွန့်လွှတ်ခြင်းကြားမှာ
နှလုံးသားက စစ်မြေပြင်မဖြစ်သင့်တော့ဘူးလေ
နောက်တခါ နာကျင်ရရင်
တစစီ ကွဲကြေသွားလိမ့်မယ်............။
Thursday, October 8, 2009
ဒွိဟ
Posted by ရောင်ပြန် at 4:38 PM 5 ပဲ့တင်သံ
Labels: ကဗျာ
Saturday, October 3, 2009
တကယ်လို့သာ
တကယ်လို့သာ
တန်ခိုးရှင်တယောက်လို
အရာရာကို ကြိုတင်ပြီး
မြင်နိုင်စွမ်း
ရှိခဲ့ရင်ပေါ့လေ.......။
တကယ်လို့သာ
အခြေအနေ အသွယ်သွယ်
အကြောင်းအရာ အမျိုးမျိုးတွေကို
တဒင်္ဂလေး
ရပ်ထားနိုင်စွမ်း ရှိခဲ့မယ်ဆိုရင်လေ.......။
အချိန်တွေ ပြောင်းပြန်လှည့်
သက္ကရာဇ်တွေ ဖြိုချလို့
ပြက္ခဒိန်ကို ဆုတ်ဖြဲပစ်ရုံနဲ့
တကယ်လို့သာ
အတိတ်ကို ပြန်လို့ရခဲ့ရင်လေ.......။
အင်း....................
တကယ်လို့သာပေါ့လေ............။
Posted by ရောင်ပြန် at 3:30 PM 1 ပဲ့တင်သံ
Labels: ကဗျာ
Sunday, September 27, 2009
ခါးသက်သော
ရက်စက်တယ် ချစ်သူရယ်...
နှလုံးသားရဲ့ တနေရာထဲမှာ
တရှိုက်မက်မက်နဲ့
ရူးသွပ်ခဲ့ရတဲ့
နင့်ရဲ့အချစ်တွေအတွက်
ရလာဒ်က ခါးသီးလွန်းလို့..........။
မညီမျှတဲ့ ပြိုင်မျဉ်းနှစ်ခုကို
ဆုံမှတ်တခု သတ်မှတ်ချင်နေတဲ့ ငါ.....
နင့်အတွက်တော့
နိမိတ်ဆိုးတခု ဖြစ်ခနေမှာပါ...........။
နင့်ရဲ့ စကားလုံးတွေအောက်
မာနတွေအရည်ပျော်
သိက္ခာတွေ ချွတ်ခြုံကျ
ရင်ခုန်သံတခုတည်းကိုသာ ကဗျာစပ်ခဲ့သမျှ
ခုတော့ နှလုံးသားဝတ်ရုံအောက်မှာ
ချစ်ခြင်းဝတ်မှုံတွေ ပျောက်ခဲ့ပြီ.......။
နင်တကယ်မချစ်ဘူးဆိုတာ
ငါ့ဦးနှောက်က သိပေမယ့်
နှလုံးသားနဲ့ ဇွတ်မှိတ်ယုံတဲ့ထိ
ငါ တကယ် ရူးခဲ့တာလေ...........။
နင့်ကို ချစ်တယ်
ချစ်ခဲ့တယ်
ချစ်နေတုန်း..........
နင်က ရက်စက်တယ်
ရက်စက်ခဲ့တယ်
ရက်စက်နေအုံးမှာပဲ.................။
Posted by ရောင်ပြန် at 2:39 PM 3 ပဲ့တင်သံ
Labels: ကဗျာ
Friday, July 24, 2009
လူမဆန်တဲ့ လူ
အပြောချောချော
အသံချိုချို
ရိုးသားဟန်နဲ့
ယုံကြည်ခင်မင်မှုကို
အရယူသွားခဲ့တယ်...။
နှမချင်းမစာ
ကိုယ်ချင်းလည်း မနာ
အတ္တကို ငုံပြီးများ
မွေးလာလေသလား
ထင်မှတ်မှားရတယ်.......။
ကိုယ့်လိပ်ပြာမှ အားမနာ
ကိုယ့်သမိုင်းကိုယ်ရေးလို့
သူမို့ မရှက်တယ်...။
နိုင်ငံကြီးသားပီသပုံက
ငခုံးမတကောင်ကြောင့်
တလှေလုံးပုပ်တောင်
သူနဲ့မဆိုင်
နေနိုင်လွန်းတယ်...။
Posted by ရောင်ပြန် at 1:29 PM 8 ပဲ့တင်သံ
Labels: ကဗျာ
Tuesday, July 7, 2009
အမှတ်တရ တပိုင်းတစ
အမဖြစ်တဲ့ မငယ်ရေစင်က ရောင်ပြန်အတွက် မွေးနေ့မှာ စာတပုဒ်ရေးပေး ခဲ့ပါတယ်။ ဘ၀တကွေ့က အမှတ်တရ တပိုင်းတစလေးပါ... သူက ကျမကို ကတိတောင်းတယ် ဘာမှမဖျက်ပဲ မူရင်းအတိုင်းတင်ရင် ပေးမယ်တဲ့..။ ပထမတော့ စဉ်းစားသေးတယ် (စိတ်ပူလို့..)။ ဘာတွေ ပေါက်ကရ ရေးထား မလဲပေါ့လေ။ နောက်တော့ သဘောတူညီချက် ရသွားတယ်။ သူပို့လာပေး တော့ ကျမဖတ်နေရင်း တကယ် ပြန်ငိုမိတယ်။ ကတိအတိုင်း ကျမဘလော့ မှာ တင်လိုက်ပါတယ်။
အမှတ်တရ တပိုင်းတစ
အမှတ်တရ နေ့ကလေးတနေ့ပေါ့….. မနက်လေးနာရီလောက် တအိမ်လုံးမှာ ပျာယာခတ်လို့… နည်းနည်း အလှမ်းဝေးတဲ့ဆီမှာနေတဲ့ အဖိုးအဖွားတွေ ဘယ်အချိန်ရောက်မှန်းမသိ…. နိုးလာလို့ ကြားလိုက်တာက အဖေက ဆရာ မ သွားခေါ်နေတယ်တဲ့....
အိပ်ချင်မူးတူးနဲ့မှတ်မိတာက အိမ်အဆင့် ဘောင်လေးမှာမှီနေတုန်း… မေမေ က မဲပြာပြာ ကလေးပေါက်စလေးတယောက်ကို လောကထဲကို ၀င်ခွင့်ပြုခဲ့ တယ်…..
အဲဒီရက်က ၁၉၉၀ ဇူလိုင်လ ၁ ရက်နေ့… လင်းရောင်ပြန်လေးတခု စတင် အားယူတဲ့ နေ့တနေ့ပေါ့…
လောကထဲကို အသစ်စက်စက် ၀င်လာတဲ့လူသားလေးက အခြားမောင်နှမ တွေနဲ့ အသားရောင်မတူဘဲ (မဲပြာပြာကနေ နည်းနည်းအရောင်ပြောင်းလို့) ညိုညစ်ညစ်လေး ဖြစ်နေတယ်… နှုတ်ခမ်းလေး ထူထူလေးနဲ့ပေါ့… သူ့ကို အသဲလေးလို့ တအိမ်လုံးက ချစ်စနိုးလေးနဲ့ ၀ိုင်းခေါ်ကြတယ်….
လေးဘက်သွားတတ်.. ထိုင်တတ်တဲ့အရွယ်မှာ… ချမ်းသာတဲ့သူတွေမဟုတ် လို့… မိဘတွေက သူကလေးကို အစ်မတွေနဲ့ စိတ်ချလက်ချအပ်ပြီး ခြံထဲ အလုပ်သွားလုပ်ကြတယ်….
အစ်မတွေကလဲ ငယ်သေးတာမို့… ကလေးပီပီဆော့ကြတော့…. သူ့ကို စားပွဲ ပေါ်မှာတင်ပြီး ထိုင်စေခဲ့တယ်… သတိတချက်အလစ်မှာ သူစားပွဲပေါ်ကနေ ဆပ်ကပ်ပြပြီး ကျွမ်းထိုးချလိုက်တယ်…..
အသံကျယ်ကြီးကြောင့် ၀ိုင်းဖမ်းပေမဲ့ ပြန်မိတဲ့အချိန်မှာ သူ့နှုတ်ခမ်းမှာ နောင်ဘယ်တော့မှ ပြန်မလျော့တော့မယ့် အသီးလေး…. နှုတ်ခမ်း ထော် ထော်လေးနဲ့ပေါ့…
သူငယ်ငယ်တုန်းကတော့ ဥာဏ်လဲသိပ်ကောင်းတယ်တဲ့ (မိဘတွေအပြော အရ)…. သေချာမှတ်မိတာ တခုကတော့ အငယ်ဆုံး… အချစ်ဆုံးမို့ အလို လိုက်ခံရတဲ့သူ့က… သိပ်ကို အငေါ်တူးတယ်ဆိုတာဘဲ…. (နည်းနည်းဖြစ် စိတ်ကောက် စိတ်ဆိုး)။ ဒါပေမယ့် ဓါတ်ပုံရိုက်ရင်တော့ သိပ်အိုက်တင်ပေး တတ်တယ်.. ခေါင်းကလေး စောင်းစောင်း.. စောင်းစောင်းနဲ့…. အဲဒီအချိန် တုန်းက သူ့ကို ချစ်စနိုးနဲ့မေးတော့ အိုက်တင်စောင်း လေးပါတဲ့…..
သူများကလေးတွေနည်းတူ… အီအီးပါပြီး အီးတောထဲမှာလဲ သူလူးဖူးတယ်။ ထိန်းမယ့်သူ အဖေတယောက်တည်း ရှိတဲ့အချိန်… အဖေအိမ်သာသွားချင်လို့ သူ့ခြေထောက်ကို.. ကြိုးချည်ပြီးထားခဲ့တော့ ထရံကြားထဲကနေကျွံကျပြီး အောက်မှာ တွဲလောင်းဖြစ်နေတာကို ငိုသံမပေးဘဲ တိတ်တိတ်လေးလည်း နေတတ်တဲ့အကျင့်ရှိခဲ့ဖူးတယ်….
ကံကြမ္မာ အပြောင်းအလဲကြောင့် မိသားစုတွေ ဒုက္ခရောက်တော့ သူ့မှာ ကလေးဘ၀နဲ့မတန်တဲ့ အတွေ့အကြုံတွေ ခံစားခဲ့ရတယ်… (သူများကစား ချိန်မှာ သူ မကစားရ… သူများထမင်းစားချိန်မှာ ဗိုက်ဟောင်းလောင်းနဲ့ နေခဲ့ရ…. စသည်ဖြင့်..စသည်ဖြင့်..) အဲဒီတုန်းကတော့ သိပ်သနားစရာ ကောင်းတဲ့ ကောင်မလေးပေါ့…..
အခုတော့ အခက်အခဲတွေကို ကျော်လွှားပြီးတဲ့နောက်… သူ အသက် ၁၉ နှစ်ထဲဝင်လာပြီ….
အရင်တုန်းက နှုတ်ခမ်းထော်ထော်လေးက အခုတော့ သိပ်ချစ်စရာကောင်း နေသလို…အရင်တုန်းက အသားရောင်ညိုညစ်ညစ်လေးက အခုတော့လည်း ယဉ်ပြီး ပိုချစ်စရာကောင်းအောင် ထောက်ပံ့ပေးနေပြန်တယ်…..
အငေါ်တူးတာလေးတွေရဲ့နေရာမှာ… ပြေပြေပြစ်ပြစ်နဲ့ ချစ်စရာအသံလေး က နေရာယူလာပြန်တော့… လူချစ်လူခင်ပိုများလာစေတယ်…
ငယ်ငယ်ကအတိုင်း ပဲများတဲ့အကျင့်ကတော့ မပျောက်သေးပါဘူး… လူလစ် ရင်လစ်သလို ကင်မရာတစ်လုံးနဲ့ ကိုယ့်ကိုယ်ကိုယ် ပုံစံအမျိုးမျိုးနဲ့ ဓါတ်ပုံ ပြန်ရိုက်…. (မျက်နှာမသစ်သေးမီ… မျက်နှာသစ်ပြီးချိန်… အလှမပြင်မှီ… အလှပြင်ပြီးချိန်).. တခါမှကို ဓါတ်ပုံရိုက်လို့ မကျေနပ်နိုင်တဲ့ သူပေါ့….
အခုတော့လည်း ၁၉ နှစ်တိုင်တိုင် အားယူပြီးတဲ့နောက်မှာ အားဖြစ်လာတဲ့ အလင်းတန်းလေး…. ၁၉ နှစ်ပြည့်မွေးနေ့မှသည် ဘ၀တသက်တာကာလလုံး ဒုက္ခအပေါင်းမှ ကင်းဝေးပြီး အေးချမ်းလှပတဲ့… ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ…
ငယ်စဉ်က
အမှောင်ထဲမှာ…
အားယူခဲ့ရ….
ဒုက္ခတွေကြားမှာ…
ရှင်သန်ခဲ့ရ…
ပူလောင်မှုတွေကို…
အဖော်လုပ်ခဲ့ရ….
အလင်းတန်းတခုအဖြစ်စတင်လာချိန်….
ရင်ထဲကခံစားမှုတွေကို..
တန်ပြန်ဖို့အတွက်….
ပဲ့တင်သံတခုရဲ့လင်းရောင်ပြန်..
မငယ်ရေစင်…
ပို့စ်က အရမ်းရှည်လွန်းတော့... ဖတ်ရ အခက်အခဲ ဖြစ်နိုင်တဲ့အတွက် ကျန်တဲ့မွေးနေ့ဆုမွန်တွေကို ပို့စ်တခုနဲ့ ပြန်တင်ထားပါတယ်ရှင်။ မွေးနေ့ ဆုမွန်တွေကို ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်...။
Posted by ရောင်ပြန် at 2:43 PM 5 ပဲ့တင်သံ
Labels: ရသ
Wednesday, July 1, 2009
ရောင်ပြန်ရဲ့ မွေးနေ့ပွဲ
ဒီနေ့တော့ မွေးနေ့ ရောက်ပြီ.. မွေးနေ့ မရောက်ခင်တုန်းကတော့ စိတ်ကူးတွေ ယဉ်လို့... မွေးနေ့လည်းရောက်ရော.. ကိုယ့်မွေးနေ့ကိုတောင် ကိုယ်မေ့ချင် လောက်အောင်... အလုပ်တွေရှုပ် နေတာ.. တကယ်က အရှုပ်တွေ လုပ်နေတာပါ.. အဟဲ.. မနက်ပိုင်း မကျင်းပရပေမယ့် နေ့လယ်မရောက် ညနေမရောက်မှာပဲ စလိုက်တယ်... ကန့်လန့်ကြီးနော်.... အဟီး...
ကိုယ့်မွေးနေ့မို့လို့ ကိုယ့်စိတ်ကြိုက်ပဲ ကျွေးလိုက်တယ်နော်... အဟီး... အားရ ပါးရ လွတ်လွတ်လပ်လပ်သာ စားသွားကြနော်... မစားပဲနဲ့ မပြန်သွားကြနဲ့ နော်... စိတ်ဆိုးမယ်.. ဒါပဲ ဒါပဲ...
ကြေးအိုးလည်း သောက်သွားနော်......
အ၀စားနော်... တဆိုင်လုံး သိမ်းထားတာ...
ဒါက ဆီကျက် ခေါက်ဆွဲ......
မုန့်ဟင်းခါးလည်း လွေးသွားနော်.....
ဒါလည်း စားသွားပါရှင်.....
တို့ဟူးသုတ်လည်း စားသွားပါနော်....
ပီဇာလည်း စားသွားအုံးလေ......
အအီပြေအောင် အသီးလည်းစား......
အချိုရည်လည်းသောက်.......
ရေခဲမုန့်လည်း လွေးသွားနော်.....
ဒါကတော့ သူများ လက်ဆောင်ပေးလာတာ...
အများကြီးပဲ... ၀ိုင်းသောက်သွားနော်....
ကဲ ကိုယ်ကြိုက်တာတွေနဲ့လည်း ဧည့်ခံပြီးသွားပြီ.... အကုန်အကျလား.. သိပ်မများပါဘူး.. အားလုံး Google က မှာထားတာချည်းပဲ... စိတ်မပူနဲ့.... ကဲ... အားလုံး ကျေနပ် ပျော်ရွှင်ပါစေနော်... ရောင်ပြန်လည်း ပျော်တယ်....။
သြော်... မေ့တော့မလို့... မွေးနေ့လက်ဆောင်တွေကိုတော့.. နောက်ပို့စ် တခုနဲ့ ကြွားတော့မယ်နော်...အဟီး..
Posted by ရောင်ပြန် at 3:08 PM 31 ပဲ့တင်သံ
Labels: မွေးနေ့
Sunday, June 21, 2009
ဝေဒနာ
နာကျင်မှုကို အဖော်ပြုလို့
ပန်းတိုင်သို့တခေါက်
အရောက်သွားနေချိန်.....။
ပျော်ရွှင်မှုတွေလွင့်ပြေး
ခန္ဓာကိုယ်တခုလုံးပဲ့ကြွေမတတ်
ရင်တခုလုံးကွဲအက်လို့
ကံကြမ္မာ မျက်လှည့်ကြောင့်
ငါ့ကောင်းကင်ကြီးက မှောင်နေခဲ့ပြီ......။
ခါးသီးမှုဒဏ်ကို မြိုသိပ်ခံရင်း
မတော်လို့များ
ဦးတည်ရာ လမ်းခုလတ်မှာ
ငါ... ကြွေခဲ့ရင်လေ.......။
Posted by ရောင်ပြန် at 3:18 PM 16 ပဲ့တင်သံ
Labels: ကဗျာ
Friday, June 19, 2009
ပန်းကလေးတွေရဲ့ ကောင်းကင်
နွေးထွေးမှုနဲ့ အားအင်ပေးပြီး
မြင်သူတိုင်း ရင်အေးချမ်းစေတဲ့
ကောင်းကင်.....
တခါတခါ
ဖြူလွှလွှ တိမ်စိုင်တွေဝန်းရံလို့...
တောက်ပတဲ့နေ့သစ်တွေ ဖန်တီးပြီး
အလှကြီးလှနေတဲ့ ကောင်းကင်.....
အနွေးဓါတ်နဲ့ အေးချမ်းမှုတွေ
တလှည့်စီပေးနေတဲ့
ဒီကောင်းကင်ကြီးရဲ့ ရင်ငွေ့အောက်မှာပဲ
ပန်းကလေးတွေ
ရှင်သန်ဖူးပွင့်နေကြလေရဲ့..........
ကောင်းကင်ကြီးက မိခင်ဆို
ပန်းကလေးတွေက ရင်သွေးငယ်ပေါ့....
တနေ့မှာ
ညစ်ပုပ်နေတဲ့ တိမ်မဲတွေက
မိခင်နဲ့ ရင်သွေးကြားမှာ
ကန့်လန့်ကာထားလိုက်ပြီး
ကောင်းကင်ကြီးက
အကျည်းတန်စွာ ချုပ်နှောင်ခံလိုက်ရသလို
လတ်ဆတ်တဲ့ ပန်းကလေးတွေဟာလည်း
အဆိပ်သင့်ခဲ့ရတယ်လေ.....
ဒါပေမယ့်လေ....
အချိန်တန်ရင်တော့
တိမ်ပုပ်တွေက
လေနဲ့အတူလွင့်သွားမှာပါပဲ
အဲဒီအချိန်မှာ
အနှောင်အဖွဲ့ကင်းပြီး
ကြည်လင်လှပနေတဲ့ ကောင်းကင်တခုကို
ဘယ်တော့များမှ
ပန်းကလေးတွေ မြင်နိုင်စွမ်းရှိမလဲနော်...........။
Posted by ရောင်ပြန် at 10:34 AM 6 ပဲ့တင်သံ
Labels: ကဗျာ
Tuesday, June 16, 2009
တချိန်ကဒုက္ခ ခုတော့ဟာသတဲ့
အကိုတော်ကတော့ စိတ်ဆိုးလေရဲ့.. အဲလေ စိတ်မကောင်းဖြစ်ပါလေရဲ့.. သူ့ကို မခင်ဘူးပေါ့.. ဒါနဲ့ မနည်းတောင်း ပန်(စကောပန်) လိုက်ပါတယ်.. ဟုတ်တယ်လေ.. မဲ့နေရင် လှမှမလှပဲ.. :P :P :P... တချိန်ကဒုက္ခ ခုတော့ဟာသတွေကတော့ အများသားပဲ (ပြောချင် လွန်းလို့ စကားစတာ.) .. ဒါပေမယ့် အမှတ်အရဆုံးကိုပဲ ပြောမယ်နော်.. ဟီးဟီး (လေရှည်တာလေ).. ဒီလို.. ဒီလို...
ရောင်ပြန်က အအိပ်မက်တယ်သိလား.... ကျောင်းစာနဲ့ပတ်သက်ရင်ပိုဆိုး.. အိပ်ဆေးစားမိသလိုပဲ.. စာအုပ်နဲ့ မျက်နှာနဲ့အပ်ရင် အိပ်ပျော်ပြီသာမှတ်..။ ဆယ်တန်းရောက်မှ ရောဂါက ပိုဆိုးလာတယ်ပြောရမယ်... (အဲဒီထဲမှာ ၀တ္ထု စာအုပ်တို့ မပါဘူးနော်. :).. )။ ဆယ့်နှစ်ရာသီ အိပ်ငိုက်နေတာပဲ..။ ညဆို 7 နာရီမထိုးသေးဘူး.. ငိုက်ပြီလေ.. (ဆိုးတယ်နော်).. ညမှမဟုတ်ပါဘူး.. ဘယ် အချိန်ဖြစ်ဖြစ်.. စာအုပ်ဖွင့်လိုက်တာနဲ့ ငိုက်တာပဲ...
ကျောင်းက နယ်မှာနေတာလေ.. (မွန်ပြည်နယ်ပေါ့).. ရှုခင်းတွေက အရမ်း လှ.. တောင်ခြေနားဆိုတော့.. သစ်ပင်တွေကများ.. အရိပ်ကလည်းအရမ်း ကောင်းတာ.. အမေ့ကို ခြံထဲမှာစာဖတ်မယ်လို့ပြောပြီး ခြံထဲက ယာယီနားဖို့ လုပ်ထားတဲ့ တဲလည်းရောက်ရော.. ငိုက်တော့တာပဲ.. လေလေးကလည်း တဖြူးဖြူးနဲ့ ဆိုတော့လေ.. စာအုပ်ခေါင်းအုံးပြီး တခေါခေါနဲ့.. (သွားရည် တော့ မယိုဘူးနော်.. ကြိုပြောထားတာ) မေမေစိတ်ပူလို့ လိုက်လာရင် (သူ့ သမီးအကြောင်း သိတာကိုး).. ဆူခံထိပြီမှတ်...
ညဆိုလည်း ဒီလိုပဲ.. သင်္ချာတွက်ရင် စာရွက်နဲ့မတွက်ဘူး.. ကျောက်သင်ပုန်း နဲ့တွက်တာ.. (ကိုယ်က အကြံနဲ့လေ).. စာရွက်နဲ့တွက်လို့ မေမေက အသံမ ကြားရရင် လာလာချောင်းနေမှာစိုးလို့.. ကျောက်သင်ပုန်းကို တတောက် တောက်နဲ့ မြည်အောင်ခေါက်ရင်း ထိုင်ရက်ငိုက်နေတာ.. (မသိရင်တော့ စာ လုပ်နေတာပေါ့).. ဒါပေမယ့် မေကလည်း ဆရာမဟောင်းဆိုတော့ လည် တယ်လေ... တရေးနိုးရင် လာလာချောင်းတာ.. (အဲလောက်ထိ ယုံတာ.. အဟိ).. တောက်ခနဲဆို ခေါင်းက ပူထွက်သွားတာပဲ.. ကြည့်လိုက်တော့ မေမေ.. မိပြန်ပြီပေါ့.. မေမေကလည်း တတ်နိုင်သမျှတော့ ဖြည့်ဆည်းပေး ရှာပါတယ်.. lemon tea ယူမလား.. အချဉ်ထုတ်ယူမလား.. သံပုရာသီးယူ မလား.. အကုန်ဝယ်ပေးတယ်.. လက်ဖက်သုပ်ရောပဲ.. (မအိပ်ငိုက်ရင်ပြီး ရော)
ခက်တာက ကိုယ်ကလည်း ရာဇ၀င်နဲ့လေ.. သံပုရာသီးစားလို့ ချဉ်ပြီးယောင် လို့ မျက်စိမှိတ်မိရင် ပြန်မဖွင့်ချင်တော့ဘူး.. တခြားဟာတွေလည်း ထိုနည်း လည်းကောင်းပဲ.. အစာကုန်တာနဲ့ ငိုက်တာပဲ.. မျက်နှာသစ်တာလည်း အခါ ခါ.. ဒီနေ့ ၀အောင်အိပ်မယ်လေ.. မနက်ဖြန်ကစပြီး ကြိုးစားတော့ မယ်ပေါ့... အဲလိုနဲ့ ... မနက်ဖြန်တွေများပြီး စာမေးခါနီး.. စာမေးပွဲဖြေခါနီးမှ ကပ်လုပ် တာ.. (ဒီနေရာမှာ တပွဲတိုးဥာဏ်က မကောင်းပေမယ့် အကူအညီတော့ ဖြစ်သား)...
ကျောင်းမှာ Night Study လုပ်တော့လည်း ဒီတိုင်းပဲ.. သူငယ်ချင်းတွေစုပြီး.. တယောက်တလှည့်... ခိုးအိပ်တာလေ.. (ခုံအောက်မှာ)..ကျန်တဲ့သူက ဆရာ တွေလာမလာ ကင်းစောင့်ရတာပေါ့... ဒါတောင် သူငယ်ချင်းတွေစုပြီး အချဉ် သီးတွေ... အချဉ်ထုပ်တွေသယ်လာပြီး ... ရိက္ခာအပြည့်အစုံနဲ့... အိပ်ကြ တာ.. အဟဲ... ဆရာတွေ အားထားတဲ့ မျက်နှာမှ မထောက်နော်.... ဒါပေ မယ့် ဘယ်တတ်နိုင်မလဲလေ.. သူက ငိုက်တာကိုး...
ညဆို 11 နာရီ... 12 နာရီလောက်မှ အိပ်... မနက်ဆို... 4 နာရီထရပြီ... ကျောင်းက ဘုန်းကြီးကျောင်းနဲ့ ကပ်ရက်ဆိုတော့ သိတဲ့အတိုင်းပဲ... အဲဒီချိန် ဆို မီးစက်နှိုးပြီ.. မျက်နှာသစ်.. သွားတိုက်.. စာကြည့်ကြရတာ... ဆရာတွေ လည်း ဒုက္ခခံရတာပါပဲ.. အရမ်းသနားဖို့ကောင်းတယ်... လစာလည်းပိုပြီး မရဘူး.. ကျောင်းသားတွေနဲ့ တူတူ ကျောင်းမှာ လာနေရတယ်.. တပည့်တွေ အိပ်မှ အိပ်ရတယ်... ကျောင်းသားတွေ ထရင် ထရတယ်... နားမလည်တဲ့ စာတွေဆို.. ရုံးခန်းကိုသွားပြီး.. ဘာသာရပ်ဆိုင်ရာအလိုက် ဆရာတွေ သွား ခေါ်ရှင်းပြခိုင်းရုံပဲ... တခါတလေမှသွားခေါ်ရတာပါ... အများသောအားဖြင့် ကျောင်းဝင်းထဲမှာ round လှည့်နေတတ်တာ.. လှမ်းခေါ်လိုက်ရုံပဲ.. ပျော်ဖို့ လည်း ကောင်းပါတယ်.... ညဆယ်နာရီဆို.. ကျောင်းသား မိဘတွေက.. အလှည့်ကျ လာကျွေးတဲ့ မုန့်တွေလည်း စားရသေးတယ်.... ( ပြောရင်းနဲ့ သတိရလာပြီ.. :(...)
သူတို့လည်း တပည့်တွေကို ပြန်သနားနေကြတာလေ.... ဆူလည်း မဆူရက် ပေမယ့်.. သူတို့မျက်နှာကို တမင်ပြင်ပြီး.. ဆူကြတာလေ.. တပည့်တွေ ကတော့ မျက်နှာငယ်နဲ့ပေါ့.. (ငိုက်ချင်ဦးဟဲ့).... ဆရာအဆူခံပြီး.. ဒုက္ခခံပြီး ခိုးအိပ်လိုက်.... အတင်းမျက်လုံးဖြဲပြီး စာကျက်လိုက်နဲ့.. စာမေးပွဲလည်းပြီး ရော.. မျက်လုံးက ညညဆို အိပ်မပျော်ဘူး.. (အကျင့်မကောင်းလိုက်တာ များ.. ကြည့်ပါဦး).. ခုချိန်ပြန်ပြောတော့ ရယ်စရာဖြစ်ရော.... ဆရာတွေနဲ့ တွေ့ရင်.. သူငယ်ချင်းအချင်းချင်းတွေ့ရင် အဲဒီတုန်းက အကြောင်းတွေ ပြန် ပြောပြီး ရယ်ကြ.... အဲဒီတုန်းက သူငိုက်တာက ဘယ်လို.. ငါခိုးအိပ်တာက ဘယ်လို.. ဆရာတွေက ဘယ်လိုပြောပြီးဆူတာနဲ့.. ပြန်ပြောပြီးရယ်ကြရော၊ ပြန်ပြောတိုင်းလည်း... ဆရာတွေ... သူငယ်ချင်းတွေနဲ့ အဲဒီအချိန်ကို သတိရ တယ်.. ဒုက္ခများပေမယ့်.. တကယ့်... မိသားစုလိုပဲ အရမ်းနွေးထွေးကြတာ... ဆရာ.. ဆရာမတွေက အဖေ အမေပေါ့ (တခါတလေ သူငယ်ချင်းလိုပဲ)... သူငယ်ချင်းတွေကတော့ မောင်နှမတွေလေ...
ကဲ... ကိုဂစ်တာကြီးရေ... ကျေပြီနော်... :) ဒီလို ပြန်နေတော့... :P :P :P
Posted by ရောင်ပြန် at 4:34 PM 6 ပဲ့တင်သံ
Labels: တက်ဂ်
သုည
ဓနဂုဏ်မောက်ရအောင်
မချမ်းသာပါဘူးကွာ
ထမင်းတောင် နပ်မှန်အောင်
မနည်းရှာစားနေရတာ
ရွှေငွေဆိုတာ နတ္ထိပေါ့.........
ဆရာကြီးစတိုင်နဲ့နေရအောင်
ပညာတတ်ကြီးမဟုတ်ပါဘူးကွာ
ပြောချင်တာတွေကို
စီကာပတ်ကုံးပြောနိုင်ဖို့တောင်
အတော်ကြိုးစားယူရတာ.......
အလှမာန်တက်ရအောင်
ရုပ်လည်းမချောပါဘူးကွာ
တိတ်တခိုးချစ်သူကို
ဆက်ချစ်နေဖို့တောင်
အလိုလို သိမ်ငယ်နေရတဲ့အဖြစ်ပါ......
အရေးအသားကောင်းရအောင်
စာရေးဆရာကြီးလည်း မဟုတ်ပါဘူးကွာ
စိတ်ထဲရှိတာတွေကို
စာကဗျာတွေဖြစ်ဖို့တောင်
အနိုင်နိုင် အသွင်ပြောင်းနေရဆဲပါ.....
Posted by ရောင်ပြန် at 11:41 AM 10 ပဲ့တင်သံ
Labels: ကဗျာ
Monday, June 15, 2009
သုံးရာသီ
နွေရာသီမှာ
တချိန်က ပျော်ရွှင်မှုကိုတွေးမိရင်
ကန္တာရထဲက အိုအေစစ်လို
ငါ့ကို အေးချမ်းမှုပေးစွမ်းတယ်....
ဆောင်းရာသီမှာ
တချိန်က လွတ်လပ်မှုတွေကို သတိရမိတိုင်း
လေပြေညှင်းလေးလို
ငါ့ကို လန်းဆန်းလတ်ဆတ်စေတယ်....
မိုးရာသီမှာ
တချိန်က နွေးထွေးမှုတွေက အတွေးထဲနေရာယူတိုင်း
တောက်ပတဲ့နေ့သစ်တွေလို
ငါ့ကို အဓိပ္ပါယ်အပြည့်နဲ့ ရှင်သန်စေတယ်.....
ရာသီတိုင်းမှာ
တချိန်က ပြယုဂ်တွေက
ကျန်သက်တမ်းမှာ
ငါ့ကို မျှော်လင့်ချက်နဲ့ အားပြည့်စေတယ်လေ...........
Posted by ရောင်ပြန် at 3:04 PM 2 ပဲ့တင်သံ
Labels: ကဗျာ
Saturday, June 13, 2009
ရောင်ပြန်ရဲ့ ၀ါသနာတွေ
ကျမရဲ့ ၀ါသနာတွေက ခပ်များများရယ်။ (ပါလေ ရာ ငပိချက်တော့ မဟုတ်ပါဘူး).. ရေတက် ငါးဇင်ရိုင်းလေ.. ရေတက်တုန်း တချက်ပဲ... အဟက်။ ၀ါသနာတွေကဒီလို.....
စာရေး.. စာဖတ်က ကျမရဲ့ အဓိက ၀ါသနာပဲလို့ ဆိုရမယ်ထင်တယ်.. (ကျောင်းစာမပါနော်.. ဟီး) စိတ်ကူးပေါက်ရင် စာရေးလေ့ရှိတယ်.. ကဗျာတွေစပ်တယ်.. (ကောင်းတာ မကောင်းတာ အပထား).. စာတိုပေစ မကျန် စိတ်ဝင်စားရင် အကုန်လိုက်ဖတ်တယ်...
သီချင်း နားထောင်တာလည်း ကျမရဲ့ ၀ါသနာတခုပဲ... အိပ်မပျော်တဲ့ ညတွေဆို သီချင်းနားထောင်ပြီး အိပ်ပစ် လိုက်တယ်။ စိတ်တိုရင် ပိုဆိုး.. သီချင်း အကျယ်ကြီး ဖွင့်ထားတတ်တယ်.. စိတ်လိုရင်တော့ သီချင်း လိုက်ဆို တတ်တယ် (သူများကို နားဒုက္ခ ပေးတာလေ)။
ကွန်ပြူတာ ရှေ့ထိုင်ပြီး.. လျှောက်ကလိ ရတာလည်း ၀ါသနာ တမျိုးပဲ။ ဂိမ်း ကစားချင် ကစားမယ်.. စာရေးချင် ရေးနေမယ်.. ဆိုဒ်တကာ ရောက်ချင် ရောက်နေမယ်... photoshop ကစားချင် ကစားနေမယ်.. အင်တာနက် ပေါ်ကနေ မရောက်ဖူးတဲ့ နေရာတွေကို ငေးချင်ငေးနေမယ်.. တခါတလေ ကလိလွန်ပြီး.. ဗိုင်းရပ်စ် ၀င်တာလည်းရှိ.. ပရိုဂရမ် တခုကို နှစ်ခါ သွင်းတာလည်းရှိ.. ရှိတဲ့ ပရိုဂရမ်တွေ ဖြုတ်ပစ်တာလည်းရှိ (အေးရော..) ကွန်ပြူတာ ပညာရှင်ကြီး ဖြစ်ချင်တယ်လေ.. (ခုထိတော့ ဘာမှကို မတတ် သေးတာ)
ဟင်းချက် တာတော့ ၀ါသနာပါတယ်.. ဒါပေမယ့် တယောက်တည်း စိတ်လိုလက်ရ ရှိတဲ့အချိန်မှ..။ ကျန်တဲ့ အချိန်ဆို မေမေ့ကိုပဲ အပူကပ်တာ... (ကလေး လုပ်နေကျ.. ရုပ်ကြမ်းကြီးနဲ့ နွဲ့တာလေ.. :P)။ ကိုယ် စိတ်လိုတဲ့ အချိန်ဆို ငါးပဲဆီပေါင်းက ငါးပြုတ်ဖြစ်သွားလည်း ကောင်းနေတာပဲ.. ဟီး...
စိုက်ပျိုးရေး လုပ်တာလည်း ကြိုက်တယ်.. စီးပွားဖြစ် မဟုတ်ဘူးနော်.. ကိုယ် နိုင်သလောက်ပေါ့.. ကိုယ် စိုက်ထားတဲ့ အပင်က အသီး အရွက် တွေက ပိုချိုသလိုပဲ :P.. ပန်းကလည်း ပိုလှသလိုပဲ.. ခုအိမ်မှာဆို ရှိတဲ့ လက်တ၀ါးစာ မြေကွက်ထဲမှာ စိုက်ထားတာ စုံနေတာပဲ.. (ငရုတ်၊ ချဉ်ပေါင်၊ ကန်စွန်း၊ မြင်းခွါရွက်၊ ဆနွင်းရွက်၊ ငွေပန်း၊ နှင်းဆီ၊ စံပယ်၊ သစ်ခွ.. စသဖြင့်ပေါ့).. ဒါတင်မက သူများ စိုက်ထားတာ တွေပါ မျက်စိစူးချင်သေး....
ခရီးထွက် ရတာလည်း ကြိုက်တယ်.. (အမေ သိရင်တော့ ပြောတတ်တဲ့ ပါးစပ်လေးလို့ ဆုပေးနေမှာ).. သူငယ်ချင်း တွေနဲ့.. မိသားစုနဲ့.. ခရီးထွက် တာတို့ဆို အသေပျော်ပေါ့.. ဟွန်း (မှတ်ရော)။
အေးအေးဆေးဆေး နေချင်တာလည်း ၀ါသနာ တမျိုးပဲ ထင်တယ်နော်.. ကျမက လူကြောက်တယ် (ခင်လို့ လေပေါ တတ်တာက လွဲလို့).. တော်ရုံဆို စကား မပြောရဲဘူး (ချွင်းချက်.. အွန်လိုင်း မပါနော် :P) လူများတဲ့ နေရာ ကိုဆို မသွားချင်ဘူး.. တယောက်တည်းဆို ပိုဆိုး.. တိတ်ဆိတ်တဲ့ နေရာ လေးမှာ တယောက်တည်း တွေးနေ၊ ငေးနေ၊ ဆွေးနေချင်တာ။
ဓါတ်ပုံ ရိုက်တာလည်း ၀ါသနာပဲ.. (ကိုယ်က ရိုက်တာရော.. အရိုက်ခံရ တာကော.. ဓါတ်ပုံကို ပြောတာနော်).. ရုပ်သာဆိုးတာ.. ဟီးဟီး...။
မမရေ ဒီလောက်ဆို တော်ပြီနော်.. ဘယ်သူ့ကိုမှတော့ ထပ် မတက်ဂ်တော့ ပါဘူး... :P :P :)
Posted by ရောင်ပြန် at 1:48 PM 8 ပဲ့တင်သံ
Labels: တက်ဂ်
Friday, June 12, 2009
မွေးနေ့ဆုမွန်
ဇူလိုင်လ ၁ရက်နေ့မှာ ကျရောက်တဲ့....
ညီမလေးရဲ့ ၁၉နှစ်မြောက်မွေးနေ့မှသည်....
နောင်နှစ်ပေါင်းများစွာ သက်ဆုံးတိုင်....
မတောင့်မတ မကြောင့်မကြနဲ့ အေးချမ်းပျော်ရွှင်တဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေလို့........
ကည်နူးဖွယ် မွေးနေ့ရက်မြတ်လေး ဖြစ်ပါစေ ညီမလေးရေ... :)
လက်ဆောင်1
လက်ဆောင်2
မမ သက်တန့်
မွေးနေ့မှာ ပျော်ရွှင်ပါစေ။
ရောင်ပြန်ရဲ့ မွေးနေ့ကို ဆုတောင်းခွင့်မရတဲ့ လူတွေ ကမ္ဘာပေါ်မှာ သန်းပေါင်းရာနဲ့ချီပြီး ရှိပါလိမ့်မယ်။
အဲဒီတော့ ဆုတောင်းခွင့်ရတဲ့ လူတွေထဲမှာ ကျနော်ပါရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။
အထူးအထွေ မပြောတတ်တော့ပါဘူး။၁ရက်နေ့မှာ မွေးသလို လာမဲ့နှစ်မှာ အမြဲ နံပတ် ၁ ဖြစ်နိုင်ပါစေ။
With Comradeship,
Htoo Myat.
ညီမလေး
ဒီနေ့ ၁၉ နှစ်တင်းတင်းပြည့်ပြီး နောက်ရက်တွေကျရင် အသက်နှစ်ဆယ်ထဲဝင်တဲ့ အပျိုမလေး ဖြစ်ပြီပေါ့နော်... ညီမလေး ဘ၀သာယာလှပ ပါစေ ရည်မှန်းချက် ရည်ရွယ်ချက်တွေ အောင်မြင်ပါစေ ဆုတောင်းပေးပါတယ်း) ကဗျာလေးရေးပေးချင်ပေမယ့် ခေါင်းက စဉ်းစားလို့မထွက်ဘူးညီမလေးရေရိုးရိုးလေးပဲ ဆုတောင်းပေးလိုက်တယ်နော် ခွင့်လွှတ်ပါ
မိုးခါး
A Birthday Poem
Birthdays come and go each year,
Today is yours, so don’t you fear.
Conversations fill the air,
We have joined you since we care.
Funny jokes and laughs out loud,
We will always be your crowd.
Many friends you haven’t seen,
How long has it really been?
We shall dance all through the night,
Until our spirits are truly light.
Celebrate our dearest friend,
A birthday poem, we wish to send
From Stanley
ဖေဖေနဲ့ မေမေ သို့
မေမေ
ပခုံးလက်လေးသစ်အရွယ်ကစ
မေမေပြုစုစောင့်ရှောက်ပေးခဲ့လို့
လောကထဲ လူလားမြောက်လာသူ သမီး
ဒီနေ့ကို အထူးအမြတ်ထား
အရင်ဆုံး မေမေ့ကို
ရှိခိုးကန်တော့ပါရစေ မေမေ ..
ဖေဖေ
နုနယ်ရှင်းသန့် ပန်းကလေးတွေရဲ့ဘဝ
ပင်ပန်းမှုတွေ အလျင်းမရှိရလေအောင်
ဖေဖေ ဦးဆောင်လမ်းပြပေးခဲ့လို့
လောကထဲ ရပ်တည်နိုင်သူ သမီး
ဒီနေ့ကို အလေးအနက်ထား
ဖေဖေ့ကို ရှိခိုးကန်တော့ပါရစေ ဖေဖေ...
ကျေးဇူးရှင် ဖေဖေ နဲ့မေမေ
ဒီနေ့ရဲ့ သမီးဟာ
မနက်ဖြန်ဆိုတာတွေကို
ဘယ်လိုမှ မတွေးရဲပါဘူး
ဒီမေတ္တာတရားတွေနဲ့ဝေးနေရရင်
ဘ၀ရဲ့ အနှစ်သာရတွေ ပျောက်ဆုံးသွားမှာမို့
အခွင့်ရှိသမျှ အနားမှာနေခွင့်ပေးပါ အမေ။
ညီမလေး ရောင်ပြန်အတွက်... အမှတ်တရ
မမ စင်ဒရဲလား
1.7.2009 တွင်ကျရောက်သော ငါ့ညီမရဲ့ ၁၉ နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်သောဘ၀တွေကို အောင်မြင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ညီမရေ... ပျော်ရွှင်သော မွေးနေ့မင်္ဂလာဖြစ်ပါစေဗျာ.......။
ခင်မင်စွာဖြင့်
အချစ်မဲ့ဂစ်တာ
ညီမလေး ရောင်ပြန် အတွက်
ဆယ့်ကိုးပြည့်တယ်
ဇူလိုင်ဝယ်
ရည်ရွယ်ချင်ခြင်း ပြည့်စေမင်း။
မမ မဟာဆန်
ညီမငယ်လေး ရောင်ပြန် မင်္ဂလာပါကွယ်။ အကို့ကိုမှတ်မိပါစ။ အကိုက ဖြိုးဝေတိုးပါ။ ညီမငယ်က ဇွန် ၁ မှာ ၁၉ပြည့်တာဆိုတော့ အကိုထက် ၁နှစ်နဲ့ ၅၅ရက်တိတိငယ်ပါတယ်ကွယ်။
ညီမငယ်လေးမွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ပထမဆုံးအနေနဲ့ ဆုတောင်းပေးပါတယ်။ ဒုတိယအနေနဲ့ လူသားတယောက်ရဲ့ ကျင်ဝတ်တွေနဲ့ ပြည့်စုံတဲ့ ငါ့ဂုဏ်မချီတတ်တဲ့ အမျိုးသမီးကောင်းတယောက်ဖြစ်ပါစေကွယ်။ နောင်လာမယ့် အနာဂတ်တိုင်းမှာ စိတ်ချမ်းသာမှုပြည်စုံတဲ့ အရိုးရှင်းဆုံးဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
လူဘဝဆိုတာ တိုလွန်းလှပါတယ် ညီမငယ်။ အရာရာတိုင်းဟာ မမြဲဘူးလို့လဲ ဘုရားရှင်ကဟောခဲ့ပါရဲ့။ တခါသာတွေ့တွေ့ဆုံရတဲ့ ဟောဒီလူဘဝဆိုတာလည်း ထမင်းနဲပွဲတခုလိုပါပဲ။ ဝင်လာလိုက် ထွက်လာကြပါပဲ။ အဲဒီလိုဝင်ကြထွက်ကြရင်း ခင်ကျမင်ကျတာလဲထုံးစံပါပဲ။ အဲဒီနေရာမှာ တခုပြောလိုတာက သူငါရယ်လို့ မခွဲခြားဘူး လူတိုင်းကို သင့်သင့်မြတ်မြတ်စောင့်ထိန်းစေချင်တယ်။
လူဘဝဆိုတာ ရှင်တနေ့မွေးတနေ့ ဆိုတာ ညီမငယ်အသိပါ။ သေတဲ့အချိန်ဘာမှမပါသွားဘူးလေ။ ဘယ်လောက်ပဲစည်းစိမ်ဥစ္စာ၊ ဂုဏ်ဝါတွေရှိနေပါစေ မသယ်သွားနိုင်ဘူး။ ဒါပေမယ့် ညီမငယ်ရဲ့ အမည်ကို သမိုင်းထွင်အောင်တော့ ရေးခဲ့လို့ရတယ်။ ပထမမိမိအတွက်၊ ဒုတိယမိသားစု၊ တတိယဆွေမျိုး၊ စတုတ္ထတိုင်းပြည်၊ ပဉ္စမ ကမ္ဘာ ဆိုပြီး ညီမငယ်ပြည့်စုံကြွယ်ဝလာတဲ့အခါ တတ်နိုင်သလောက် သူငါ၊ အယုတ်အလတ်၊ အဆင့်အတန်းမခွဲခြားဘဲ ကူညီစေချင်တယ်။ အဲဒီတော့ ညီမငယ်မှာ “ငါ့” ဆိုတာတွေဘေးဖယ်ပြီး အတ္တစိတ်ကင်းကွာနေသင့်တယ်။ နောက်ပြီးအတ္တစိတ်ကိုမရှိအောင်ထားရင် လောဘမီးက ငြိမ်းအေးသွားမှာပါကွယ်။
ဘဝဆိုတာကိုဆက်ပြောရမယ်ညီမငယ်။ ဘဝဆိုတာ အဆိုးနဲ့ အကောင်း ဒွန်တွဲနေတယ်။ အဲဒါတွန်းလှန်နိုင်မှာမဟုတ်ပဲ။ အကောင်းကိုရင်ဆိုင်ချင်သလို အဆိုးကိုလဲ ရင်ဆိုင်ရဲရမယ်။ ညီမငယ်အနေနဲ့ လဲကျမှာကို ကြောက်နေမှာပဲ။ ဒါပေမယ တခုသတိထားစေချင်တာက ညီမငယ်ခဏခဏလဲကျဖန်များလာရင် နောင်ကျရင်ဘယ်လိုထရမလဲဆိုတာ သိလာပါလိမ့်မယ်။ အဲဒီတော့ အဆိုးဆိုတဲ့ အကြောင်းတရားများတွေ့ရင် ရှောင်ဝှိုက်မသွားပါနဲ့။ ပညာနဲ့ယှဉ်ပြီးရင်ဆိုင်ပါ။ နောက်ပြီးဘဝဆိုတာ တဘဝထဲမှာတောင်မတည်မြဲဘူး။ ဒီနေ့ကောင်းနေပေမယ့် နောက်နေ့ဆိုးချင်ဆိုလိမ့်မယ်။ ဗုံလုံတလှည့် ငါးပျံတလှည့်ပဲ။ အဲဒီတော့ နောက်နေ့ဘာဖြစ်မလဲမသိတဲ့ဘဝမှာ မုန်တိုင်းတခုများထန်လာရင် အဆင့်သင့်ဖြစ်အောင်တွေ့အကြုံများများယူသင့်တယ်။ ဘယ်လိုလုပ်သင့်သလဲဆိုရင်တော့ ညီမငယ် ဘယ်လိုမျိုးပြဿနာပဲဖြစ်ဖြစ် မရှောင်လွှဲပါနဲ့၊ အဲဒီကနေအတွေ့အကြံရယူပါကွယ်။ မသိတဲ့ကိစ္စတွေကို လေ့လာပါ၊ မစူးစမ်းပါနဲ့။ စာတွေ့ အတွေ့အကြုံတွေကိုလိုက်လံမှတ်သားထားပါ။ နောက်ထပ်လဲအများကြီးရှိပါတယ်။ ညီမငယ်တွေ့ကြုံလာမှာပါ။
ညီမငယ် ဆက်ပြောနေရင်စာအရမ်းရှည်မှာဆိုးတယ်။ အဲဒီတော့ အောက်က ကဗျာလေးနှစ်ပိုဒ်ထဲမှာ အကိုပြောချင်တဲ့ အကြောင်းတွေအကုန်ပါပါတယ်။ ညီမငယ် အဲဒီအတိုင်းကျင်သုံးနိုင်မယ်လို့မျှော်လင့်မိတယ်။
အကိုပြောချင်တာတွေအကုန်ပါလို့ အသစ်ရေးရင် မကာမိမှာဆိုးလို့ ညီမငယ်အတွက် အသစ်မရေးပေးမိတာကို စိတ်မညိုပါနဲ့လို့လဲတောင်းပန်ပါတယ်ကွယ်။
ဘဝတဲ့
ဘဝဘဝလို့
ကျွန်တော်ခဏခဏပြောဖူးတယ်နော်။
အကျိုးကြောင်းအဆိုအကောင်းတွေဒွန်တွဲလို့
ကောင်းကောင်းဆိုးဆိုး မရုန်းလှန်နိုင်စွာနဲ့
တွန်းကန်ရတယ်လေ။
ဗုံလုံတလှည့် ငါပျံတလှည့်လေ
ဘယ်အရာမှမမြဲဘူး..
ဒါကြောင့်အဆိုးကိုလည်းရင်ဆိုင်ဖို့
အချိန်တိုင်းမှာအားအင်ရှိနေပါစေ။
လူတဲ့ ကြည်ဖြူရင်
ကောင်းလွန်းလို့ ဟောင်းတောင်မသွားဘူး
ငြုစူရင်တော့ အယူလွဲလေးတွေကြောင့်
လုပ်သမျှကို အပြစ်တင်
အခြေတင်စကားလေးတွေများရပါ့။
တခါတလေ မောလွန်းလို့
ကျောချစရာမရှိရင်
ဒေါသကထွက်တက်တယ်လေ
သည်းခံချင်းသည်
အရာရာကိုအောင်မြင်ရာ၏တဲ့
အမျက်ကိုသတိဆိုတဲ့
အသိလေးနဲ့ထိန်းလိုက်ပါ။
ဘဝတဲ့လောကဇာတ်ခုံလိုပဲ
ငိုလိုက် ရီလိုက် ပြုံးလိုက် ပျော်လိုက်
အလိုက်အထိုက်လေးတော့ရမှ
အခြေအနေကို အကျိုးရှိစွာနဲ့
ဘဝဇာတ်ခုံကို အရှံးမရှိအောင်
စိတ်ကိုထိန်း လောဘမယိမ်းပဲ
ဒေါသနဲ့မောဟကင်းစင်
ဘဝလမ်းအပေါ် အလိုက်အထိုက်လေး
ထိန်းကျောင်းနိုင်ပါစေ။
ဘယ်သူမပြု မိမိမှုလေ
ဘယ်သူတိမ်းတိမ်း ကိုယ်မတိမ်းပဲ
ကိုယ်စိတ်ကို နိုင်အောင်ထိန်း
အတိမ်းစောင်းမခံမိစေနဲ့။
သေခြင်းတဲ့ ရှောင်လွှဲလို့မရ
မသေခင်လေး
ကိုယ်ဘာလုပ်ခဲပြီးပြီလဲစဉ်းစား
အသက်တွေတနှစ်ထက်တနှစ်ထက်ကြီးလို့
မသိသတိလေး ကုန်ခဲ့တာကြာပြီနော်
လောကအကျိုးကို တခုခုလေးတော့
စွမ်းဆောင်နိုင်ပါစေ။
အမှောင်ဆိုတာမရှိဘူး
အလင်းတွေကင်းကွာနေလို့သာ
အမှောင်ဖြစ်လာတာ...
အလင်းဆိုတဲ့အမှန်တွေရှိနေဖို့
အားလုံးမှာတာဝန်ရှိတယ်လေ
တာဝန်ကို အသိလေးကပ်ပြီး
သတိလေးနဲ့ဆောင်ရွက်နိုင်ပါစေ။
လူအသက်တဲ့
မြှားတဖြတ်စာအသွင်းမှာပဲ
နိဂုန်းချုပ်နိုင်တယ်လေ
“အပ္ပာမာဒေန သမ္မာဒေထ”
မြတ်စွာဘုရားရဲ့
နောက်ဆုံး ဆုံးမစကားလေ
အရာရာကို အသိနဲ့ တသိ ယှဉ်ကပ်ပြီး
မလျှော့သောဇွဲနဲ့ ကျင့်သုံးနေနိုင်ပါစေကွယ်။
ဖြိုးဝေတိုး
“သင်”
မကြာ အကျွန်တို့ သေရဦးမည်
မျက်စိတမှိတ် ထန်းတဖြတ်နှင့်
အသက်ခန္တာကြွေတတ်သည်သား။
သင်မသေခင်၊
သင်၏ကောင်ကျိုး သင့်ရာနိုးကို၊
ရိုးရိုးကြိုးကုတ် အားအင်ထုတ်၍၊
ဆောင်ရွက်သင့်ပေ။
ထိုမှ တဖန် သင်လျှံလာသော်၊
သင့်၏ဆွေမျိုး ကောင်းရာကောင်းနိုး
စီမံမျှော်တွေး ကြံဆပေးအံ့။
သင့်ဆွေဝမ်းစာ သာသည်မက၊
ပြည်သာဖို့လည်း မှတ်ယူသင့်ကုန်။
အဖိုးမဖြတ် သင်အမျိုးမြတ်သည်
ဆိုသည်ကာထား၊
အိုအိုနာနာ နိမ့်မျိုးမတန်၊
မဆန်သင့်လှ။
အများသူငှာ လှူဒါန်းရာသော်၊
သာသနာတွက်ရည် မီးတစက်ဆီလည်း
ပထမနေရာ ထားသင့်လျှက်ခါ လှူဒါန်းရာ၏။
ထိုမှတဖန် သင့်တိုင်းဌာနေ၊
ပညာလျှံစေ သင့်ရာတွေးသော် ဒုတိယနော်၊
ထိုတင်မက ဝမ်းမီးချုပ်ရေး စားဝတ်ဆေးပေး
အယုတ်မရွေး လှူဒါန်းရာ၏။
သင့်မျိုးဌာနီ တိုင်းပြည်သည်လည်း
စာပေမီးရောင် ထွန်းလင်းပြောင်၍
ဗိမ္မာန်ပခန်း စာပေနန်းကား
သင့်ရာအပ်ဆွေ တည်ရှိသင့်ပေ။
သင်ကားမကြာသေရပေမည်
သင်ခေါင်းချရာ သင့်မြေသာမှ
လူသော်သေလည်း နံမည်နေ၏
ဖြိုးဝေတိုး ၁၇.၆.၀၉
ညီမငယ် အဲဒီကဗျာနှစ်ပိုဒ်နဲ့အညီ ကျင့်သုံးနိုင်ပါစေလို့ နောက်ဆုံးအနေဆုတောင်းပေးပါတယ်။ “မိမိသာလျှင်မိမိ”ဆိုတဲ့စကားကိုလက်ဆောင်ပါးရင်း စကားအဓိပ္ပာယ်ကို နားလည်အကျိုးရှိစွာ တနေရာမှာ အသုံးချမိခဲ့ရင်လည်း အကိုကိုသတိရမိပါလို့ကွယ်။
ခင်မင်လျှက်
ဖြိုးဝေတိုး
ဖော်ပြဖို့ ကျန်သွားခဲ့တယ်ဆိုရင် ကွန့်မန့်နဲ့ဖြစ်ဖြစ် စီဘောက်မှာဖြစ်ဖြစ် မေးလ်ကနေဖြစ်ဖြစ် သတိပေးနိုင်ပါတယ်ရှင်.. ကျေးဇူးပါ...
Posted by ရောင်ပြန် at 10:35 AM 4 ပဲ့တင်သံ
Labels: မွေးနေ့
ံပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ညီမလေးရေ.း)
July 1, 2009 4:47 PM
ရောင်ပြန် ... နင်ကမွေးနေ့မှာ ငါတို့ကိုတောင် မဖိတ်ဘူး နော်...။ ဒါပေမဲ့လည်း ပြောစရာလူတွေ မဟုတ်တော့ လာရတာပေါ့ဗျာ...။ မွေးနေ့ပါပျော်ရွှင်ပါစေ။ စာတွေလည်း အများကြီး ရေးနိုင်ပါစေ။ ဘ၀တက်လမ်းတွေမှာ အခက်အခဲမရှိပဲ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
July 1, 2009 5:03 PM
ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့လေးဖြစ်ပါစေဗျာ
happy birthday to you
အဆင်ပြေပျော်ရွှင်ချမ်းမြေ့ပါစေ
July 1, 2009 5:30 PM
ရောင်ပြန်လေးရေ....
မွေးနေ့ပွဲလေးအရမ်းပျော်ပါတယ်။
ဒီနေ့မှစနောင်နှစ်ပေါင်းများစွာ
ပျော်ရွှင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ခင်မင်စွာဖြင့်
ဂျာမုန်းဒန်
July 1, 2009 6:09 PM
မွေးနေ့ကို ကြွရောက် ချီးမြှင့် စားသောက် သွားပါတယ်ရှင်။
Happy Birthday ညီမလေးရေ။ ပျော်ရွှင်ပါစေ။
July 1, 2009 6:33 PM
ပျော်စရာအကောင်းဆုံး မွေးနေ့ပေါင်းများစွာကို ဒီနှစ်မှစပြီး ပိုင်ဆိုင်နိုင်ပါစေ... မရောင်ရေ..
ဘ၀မှာ ဖြစ်ချင်တဲ့ဆန္ဒတိုင်း ပြည့်ဝပါစေ...
ခင်တဲ့
ညလေး
July 1, 2009 6:37 PM
ပျော်ရွှင်ဖွယ်ရာ မွေးနေ့ပေါင်း မြောက်များစွာ ထာဝရ ရရှိပိုင်ဆိုင် နိုင်ပါစေ ... ရောင်ပြန်ရေ ...
နေဒေးသစ်။
July 1, 2009 6:48 PM
ယနေ့မှစ နှစ်တစ်ရာတိုင်ပါစေ....
သီချင်းမဟုတ်ပါဘူး။
ဆုတောင်းပေးတာပါ...
လိုအင်နဲ့ဆန္ဒ ထပ်တူကြလို့ ဘ၀လမ်းထက် မြဲရွှင်ထက်အောင် ပဲ့တင်သံတိုင်းမှာ အမြဲကြည်လင် လန်းနိုင်ပါစေ။
July 1, 2009 7:17 PM
အယ်...
သိတော့မသိဘူးဗျာ..။ အခုမှရောက်ဖူးတာ..ဒါပေမယ့် ရောက်ရောက်ခြင်းပဲ မွေးနေ့ နဲ့ တိုးလို့  ကံကောင်းတာပေါ့...။
Happy birthday! ဗျာ
ယနေ့ မှစ ပျော်ရွှင်ချမ်းမြေ့ပါစေ..။
July 1, 2009 7:43 PM
ရောင်ပြန်ရေ..ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေဗျာ..
July 1, 2009 8:02 PM
Many Happy Return of the Day ပါ မရောင်ပြန် ရေ..
ဝိုင်တ္ဂေ အကုန်သောက်သ္ဂားတယ်..
နောင်နှစ်ပေါင်းများစ္ဂာ ပျော်စရာ မ္ဂေးနေ့ပ္ဂဲ များကို ကျန်းမာ ရွှင်လန်းစ္ဂာ ဆင်နွှဲနိုင်ပါစေခင်ဗျာ
July 2, 2009 4:49 AM
မကြီးရေ ပစ်ထားကျတယ် အဟင့် အဟင့်
ဖြစ်တာကဖြစ်တာပဲ အားလုံးကို ပစ်ထားစရာလားလို့ 
July 2, 2009 11:17 AM
ပျော်ရွှင်ပါစေး)))))))))
July 2, 2009 12:10 PM
မွေးနေ့မှ စပြီး ပျော်ရွှင်ဖွယ်နေ့ရက်များကိုသာ ပိုင်ဆိုင်နိုင်ပါစေ.....
July 2, 2009 12:14 PM
ရောင်ပြန်လေးရေ....
ပျော်ရွှင်သော မွေးနေ့ ပွဲလေးဖြစ်ပါစေ
ဆန္ဒနဲ့ဘ၀တထပ်ထဲ ကျပါစေ
July 2, 2009 2:29 PM
I am sorry for my lateness.
May you get the a lot of great luck because of your good effort!
July 2, 2009 3:22 PM
မွေးနေ့မှ သည် နောင်နှစ် ပေါင်းများစွာ အထိ
ငြိမ်းချမ်း အေး မျှသော ဘ၀ တစ် ခု ဖြစ် ပါစေ ဗျာ
ဥပသကာ။
July 2, 2009 6:24 PM
မွေးနေ့လာတာ နောက်ကျသွားတယ်.. စားစရာတွေတောင် ကုန်ပြီ... မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ဘာဖြစ်ချင်လဲ... ဖြစ်ချင်တာတွေ ဖြစ်ပါစေဗျာ.. :P
July 2, 2009 8:41 PM
မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ။
ဆုတောင်းလျှက်ပါ။ =)
July 3, 2009 3:04 PM
မဖိတ်ပေမယ့်လည်းအလည်လာပါတယ်..ကြေးအိုး
အဝသောက်သွားပါတယ်..ကျွေးထားတဲ့အစား
တွေအကုန်စားသွားပါတယ်..မွေးနေ့မှာပျော်ရွှင်ပါစေ
ဆန္ဒနဲ့ဘဝတထပ်တည်းကျပါစေ..
ခင်မင်လျှက်
ကြယ်ဖြူစင်
July 3, 2009 3:54 PM
ပျော်ရွှင်စရာ ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေ
ရောင်ပြန်လေးရေ အားပေးလျက်ပါ...
July 3, 2009 6:56 PM
happy birthday.. မရောင်..
ဘဝ တလျှောက် လုံး ပျော်ရွှင် ချမ်းမြေ့ ပါစေ
July 3, 2009 9:19 PM
ဟာ မသိဘူးဗျ ..လက်ဆောင်လည်း မပါခဲ့ဘူး။
မွေးနေ့နဲ့တိုးနေတယ်။ အော်ရောက်မှတော့...
ဆုတောင်းပေးပြီး ဝင်စားလိုက်တော့မယ် ...
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။ဘလောက် မှာလည်း ပို့စ်တွေ အများကြီးတင်နိုင်ပါစေဗျာ။
ခင်မင်မှုဖြင့်
အားလုံးကိုပျော်စေချင်တဲ့
July 4, 2009 12:20 AM
မွေးနေ့ပွဲကိုလာတာတောင်နည်းနည်း နောက်ကျသွားတယ်မွေးနေ့ရှင်ခွင့်လွှတ်နော်...
happybirthday ပါကိုရောင်ပြန်ရေ....
ကိတ်မုန့်လေးလဲစားသွားတယ်ဗျ ....:)
July 4, 2009 12:58 PM
အာာာာာာာာမွေးနေ့ရှိမှန်းမသိဘူး... အခုမှ တွေ့တယ်..
ဝါးတီးတွေတော့ ကုန်ပါပီ... ဟင့်..
နောက်ကျသွားလို့ ဆောရီးပါ နော်...
နောက်တနှစ်မြန်မြန်ရောက်ပါစေ...ဒါမှ စားလို့ရမှာ...ခစ်ခစ်....
ထာဝရ ပျော်ရွှင်ပါစေ နော်...ဆုပဲတောင်းပေးခဲ့ပါတယ်....
July 5, 2009 9:13 PM
ဝါးတီးလွတ်သွားတယ်.း)
Happy Belated Birthday.... ပါ ရောင်ပြန်လေးရေ...
ပြောလို့ပြောတာမဟုတ်ဘူး. ရောင်ပြန်လို့ ပြောတိုင်း ရန်ပြောင်လို့ ကျွန်တော့်ကို ခေါ်ခေါ်တတ်တဲ့ အစ်မကြီးတစ်ယောက်ကို သွားမြင်မိတယ်.
ကျွန်တော်တို့တွေ မောင်နှမလုပ်လို့ရတယ်ထင်တယ်. ဟတ်ဟတ်.
ခင်မင်လျက်
ရန်ပြောင် (အဲလေ..) ရန်အောင်.
:)
July 6, 2009 5:54 AM
နည်းနည်းလေးနောက်ကျသွားတယ်။
ပျော်ရွှင်ဘွယ် မွေးနေ့တွေ အများကြီးတွက် ဆုတောင်းပေးပါတယ် ရောင်ရေ..
July 6, 2009 12:43 PM
မွေးနေ့ဆုတောင်းလွှာ နောက်ကျတဲ့အတွက် ခွင့်လွှတ်ပါနော..ူမန်မာူပည်က စာတိုက်တွေ အေုကာင်းသိတယ်မဟုတ်လား .. စတာနော်..
မွေးနေ့မှစလို့ နောင်နစ် ၁၂၀ တိုင် ချစ်ရသောသူများနှင့် ပျော်ရွင်စရာဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ..
July 7, 2009 5:56 PM