Monday, October 13, 2008

ရောင်ပြန်ရဲ့ ဗရုတ်သုတ်ခကျဆုံးနေ့


ရောင်ပြန်ရဲ့ ဗရုတ်သုတ်ခကျဆုံးနေ့

ဘလော့လေးကို ပြန်မကြည့်ဖြစ်တာ 2 ရက်လောက် ရှိပြီထင်တယ်...။ ဒီနေ့တော့ ရုံးပိတ်လို့ (ဥပုသ်နေ့လေ) ပျင်းပျင်းနဲ့ ဘလော့လျှောက်လည်မယ် လုပ်တော့ C-Box မှာ ကိုဖြိုးဝေတိုး နဲ့ မမ၀ါဝါ က တက်ဂ် ထားတယ်လို့ လာအော်သွားတယ်ရှင့်။ တက်ဂ် သံသရာက ခုထိကို လည်နေတုန်း...။ ဘာအကြောင်းလဲ ဆိုတော့ ဗရုတ်သုတ်ခ အကျဆုံးနေ့ အကြောင်းတဲ့။ ရှက်ပါတယ် ဆိုမှ ပြောရတော့မယ်။ ကဲ... ရှက်ရှက်နဲ့ပဲ.. ဖော်လိုက်ရပြီ။ ဖြစ်ပုံက...။

တစ်နေ့ ကိုးတန်းကျောင်း တက်တုန်းကပေါ့။ ညနေပိုင်း သန့်ရှင်းရေး လုပ်ရတယ် (ကျောင်းမှာ)။ တစ်ကျောင်းလုံးပေါ့။ နေပူထဲမှာဆိုတော့ စိတ်ညစ်လိုက်တာ လွန်ပါရော။ မြက်လည်းနှုတ်ရ၊ အပင်တွေလည်း ရေလောင်းရ......... မညာဘူး.. တကယ်။ ပြီးတော့ အချိန်ကလည်း ကိုးလို့ကန့်လန့်။ ကျောင်းဆင်းချိန်လည်း မဟုတ်။ ဒီတော့ စိတ်တိုတိုနဲ့ မြက်တွေ နှုတ်လိုက်တာ... အနှုတ်လွန်ပြီး အနားက အလှပန်းပင်တွေပါ ကုန်သွားရော ( တစ်ယောက်တည်း မဟုတ်ဘူးနော်။ သူငယ်ချင်းတွေပါ ပါတယ်.......... ဟီး..... အဖော်ခေါ်ထားတာ။)

ပြောင်တာမှ တကယ့်ကို ဖုံးလို့မရအောင် ကုန်သွားတာ..။ ဒီတော့ ဘယ်ရမလဲ... (ဥာဏ်ကြီးရှင်တွေလေ)။ ဘေးနားမှာ ရှိတဲ့ နွားကို ဆွဲပြီး ပေးစားလိုက်တယ်...။ အေးရော။ တော်သေးတယ်။ ပန်းပင်က နွားစားတဲ့ အပင်ဖြစ်နေလို့... ဟွန်း။ ပြီးတော့ ဆရာမ မလာခင် အပြေးတပိုင်းနဲ့ လစ်ခဲ့ရတယ်။

ပြီးတော့ ဆရာမက ပန်းပင် ရေလောင်းတဲ့။ ကျောင်းဝန်းက သိပ်တော့မကျယ် ပါဘူး။ ဒါပေမယ့် ကံဆိုးစွာပဲ အပင်တွေက အရှေ့ ရော၊ အနောက်ရော၊ ဘေးရော၊ အလယ်ရော နေရာလပ်မကျန်အောင်ကို များတာ။ တော်သေးတယ်.. ကျောင်းကို အပိုင်းတွေခွဲပြီး အသင်းလိုက် နေရာကန့်ထားလို့။ အသင်းတွေနဲ့လည်း ပြိုင်ရသေးတယ်။ အမှတ်ရဖို့။ ပြီးချင်ဇောနဲ့ အားကြိုးမာန်တက် (ဒေ၀ဒတ်ဥာဏ်နဲ့) ရေလောင်းလိုက်တာ မြေသြဇာလုပ်ဖို့ ပုံထားတဲ့ နွားချေးတို့ မြေဆွေးတို့ပါ အကုန်ရေထဲ မြောတာပဲ...... ဟာဟ။ သေချာမလောင်းပဲ တစ်ခါတည်း လိုက်ဖြန်းလိုက်တာလေ။ မှတ်ရော။ ကံကောင်းလို့ ကြိမ်လုံးစာ မမိတယ်။ ရေလောင်းပြီး ခဏနေတော့ မိုးရွာလိုက်လို့..။ မိုးမင်းကြီးကို ကျေးဇူးတင်တယ်.. အဟုတ်။

ပြီးတော့ စာပြန်သင်မယ်ပေါ့လေ။ အဲဒီတုန်းက ကိုးတန်းနဲ့ ဆယ်တန်းက အချိန်ပိုသင်ရတယ်.. သိလား။ သုံးနာရီ ကျောင်းဆင်းရင် လေးနာရီမှ ပြန်ရတယ်။ အခန်းထဲရောက်တော့ ဆရာက သင်နေပြီ... Physic ဆရာလေ။ ဒါနဲ့ စာအုပ် ကမန်းကတန်းထုတ်ရင်း... ပြန်နေတဲ့ ကလေးတွေကို ငေးနေတာ။ ဆရာကလည်း ကျောင်းသားတွေ အာရုံမ၀င်ဘူးဆိုတာ သိတယ်လေ။ အဲဒီတော့ စာသင်ရင်း ဘာမေးလဲသိလား။ အပူချိန် 160 ရှိတဲ့ ခဲတုန်းကြီးက မအေးလွန်း နေဘူးလားတဲ့။

သိတယ်မဟုတ်လား။ သံယောင်လိုက်တဲ့ နေရာမှာတော့ အားလုံးက တိုင်ပင်စရာမလိုအောင်ကို ညီတာလေ။ တစ်ပြိုင်တည်း... တစ်ညီတည်း ၀ိုင်းအော်လိုက်တယ် “အေးပါသည်” ပေါ့။ ဆရာက နီးရာလူတွေ ခေါင်းကို မှီသလို.. ဖြစ်သလို.. စာအုပ်နဲ့ ခေါက်တာ။ ကံဆိုးချင်တော့ ကိုယ့်ခေါင်းပေါ် ဒေါက် ကနဲပဲ။ ဒါတောင် ကိုယ့်အမှား ကိုယ်မသိသေးဘူး။ ဘာလို့ ရိုက်လဲဟပေါ့။ ပြီးမှ ရှက်ရယ် ရယ်ပြရတယ်... အဟဲပေါ့။

ဒါတင်ပြီးလား ဆိုတော့ မပြီးသေးဘူး။ ကျောင်းက ပြန်လာလို့ ကျူရှင်သွားတော့ လွယ်အိတ်မေ့သွားတယ် သိလား။ ဆရာမ မျက်နှာမြင်တော့မှ သတိရတာ။ တော်သေး.. အချိန်စောသေးလို့။ ပြီးတော့ ညဈေးမှာ မုန့်တီသွားစားပြီး ပိုက်ဆံပေးဖို့ သတိမရဘဲ ခပ်တည်တည်နဲ့ ထွက်လာတာ သူငယ်ချင်း တစ်အုပ်စုလုံးပဲ။ တော်သေးတာပေါ့နော်။ တစ်ယောက်တည်းဆို မျက်နှာကွဲ.. အဲလေ.. အရှက်ကွဲပြီ။

တစ်နေ့လုံး ဗရုတ်သုတ်ခ ဖြစ်နေလိုက်တာ.. အိပ်တဲ့ အချိန်ထိတောင် မဆုံးသေးဘူး။ ငါ.. ဒီနေ့ ဘာဖြစ်နေပါလိမ့်ပေါ့။ စဉ်းစားနေရင်း မေမေ လာလို့ ကမန်းကတန်း စာအုပ်ဖွင့်ဖတ်လိုက်တာ ဇောက်ထိုးကြီး။ တော်သေး.. မေမေက သတိမထားမိလို့..။ ပြီးတော့ အိပ်ငိုက်ငိုက်နဲ့ ၀င်အိပ်လိုက်တာ.. ဘောပင်လ်ကြီးကို ကိုင်လို့။ တစ်နေ့လုံး မှားနေတာ အိပ်ရာဝင်တောင် အလွတ်မပေးပါလားလို့တော့ စဉ်းစားမိလိုက်သား။ ဒါပေမယ့် ဘောပင်လ် ကိုတော့ပြန်မထားမိလိုက်ဘူး။ အိပ်ပျော်သွားလို့လေ...။ ။

3 ပဲ့တင်သံ:

ဝါ၀ါခိုင်မင်း said...

ညီမလေးရဲ့ဗရုတ်သုတ်ခအကြောင်းလေးတွေဝေမျှပေး
တာ ကျေးဇူးပါညီမလေး။
အဲလိုပဲ ဘ၀မှာ ရယ်စရာလေးတွေ အမှတ်တရအဖြစ်ရှိနေတတ်ပါတယ်ကွယ်။
အဆင်ပြေပျော်ရွှင်ပါစေ ညီမလေး ရေ။

ခင်မင်စွာနဲ့
မမ၀ါဝါ

မိုးသောက် said...

ဟားဟား ရောင်ပြန်ရေးတာ အရမ်းရီရတယ် ..
အားလုံးကို စနစ်တကျလွဲနေတာ :P
တနေ့တာ စနစ်တကျ အလွဲများပေါ့ ..
ရီစရာလေးတွေ တင်ပေးတာ ကျေးဇူး ရောင်ပြန်ရေ
နောက်လည်း ရေးဦး ရောင်ပြန်ရေးတာ ဂွတ်တယ်

flowerworld said...

ညီမလေးရေ..ဘောပင်များကိုင်ထားရတယ်လို့ ညောင်းနေမှာပေါ့နော် ပါးစပ်နဲ့ကိုက်ထားပါလားလို့.. မမတုန်းကဆို..ဘောပင်ကိုကိုက်ပြီးတော့တောင်အိပ်တာ..ဟီး အမေကစာဖတ်လို့ပြောရင်စာအုပ်လေးဖတ်ပြီးတော့ကိုအိပ်တာ အဲ့လောက်လိမ်မာတာ...ဟဲဟဲ