တစ်နေ့
မြတ်နိုးရှင်ဆိုတဲ့ ကောင်မလေး တစ် ယောက်ဟာ လူတစ်ယောက်ကို မထင် မှတ်ထားတဲ့ နေရာမှာ လျှပ်တစ်ပြက် တွေ့ရုံနဲ့ ချစ်မိသွားမယ်လို့ တစ်ကြိမ်မှ အိပ်မက် မမက်ခဲ့ဖူးပါ။ ဒါပေမယ့် သူမ ဟာ ပြည့်ဖြိုးဆိုတဲ့ ကောင်လေး တစ် ယောက်ကို မြင်မြင်ချင်း စွဲလမ်းလမ်း ချစ်မိသွားခဲ့တာ ရှေးရေစက်ကြောင့်ပဲ ထင်ပါရဲ့။
ကောင်လေးဆိုပေမယ့် သူမထက် သုံးလေးနှစ်လောက်တော့ ကြီးလိမ့်မယ် ထင်တယ်။ သူမတို့မြို့ကို ပြောင်းလာတဲ့ အင်ဂျင်နီယာသစ် တစ်ယောက် ပေါ့။ ဖူးစာရေးနတ်က သူမနဲ့ သူ့ကို တွေ့ဆုံ ပေးပုံက..........
ကိုးတန်း ကျောင်းပိတ်ချိန်....သင်္ကြန် နှစ်ဆန်း တစ်ရက်နေ့မှာပေါ့။ သူငယ်ချင်း တွေနဲ့ လည်ပတ်ဖို့ နေရာရွေးနေတုန်း ဧည့်သည် တွေနဲ့အတူ ရတနာကို တွေ့လိုက်ရတယ်။
အဲဒီ အချိန်မှာမှ သူ့ကို စတွေ့ခဲ့တာ။ အသား ညိုညိုနဲ့ ရှင်းသန့်ပေါ်လွင် နေတဲ့ သူ့ကို သူမ အသိအမှတ် မပြုပဲ မနေနိုင် ပါဘူး။ ထူထဲလှတဲ့ မျက်ခုံး အောက်က စူးရှရှ မျက်ဝန်းတွေ... ပိရိသေသပ်တဲ့ နှုတ်ခမ်းတစ်စုံနဲ့ ရယ်လိုက်တဲ့ အခါတိုင်း ပေါ်သွားတတ်တဲ့ သွားတက်ကလေး နှစ်ဖက်က စွဲမက်စရာပါပဲ...။
သူမတို့နဲ့ အပြန်အလှန် နှုတ်ဆက်ပြီးမကြာဘူး..... အရေးကြီးကိစ္စ ပေါ်လာလို့ ဆိုပြီး သူ ပြန်သွားခဲ့တယ်။ အဲဒီ အချိန်ကစပြီး သူမ သူ့ကို မသိစိတ်က စွဲလမ်းသွားခဲ့တာ။
အချိန် ကြာတဲ့အထိ သူမရဲ့ စွဲလမ်းမှုက ပျောက်ပျက် မသွားခဲ့ပါဘူး။ မသိ စိတ်က သူ့ကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ သိမ်းထားပြီးသား ဖြစ်နေလို့ပါပဲ။
သူမ ဆယ်တန်းရောက်တဲ့ အချိန်မှာတော့ စာတွေနဲ့ နပန်းလုံးနေရလို့ အချိန်ပြည့် သတိ မရနိုင်ပေမယ့်.. အိပ်ရာ ၀င်တိုင်း အိပ်မက်ထဲမှာ ရောက်လာတတ်လို့ အိပ်ရေးပျက်ရပေါင်း မနည်းတော့ပါဘူး။ အကြောင်း သိတဲ့ သူငယ်ချင်းတွေက ကောင်းချီးပေးကြတယ်.. “နင်.. ရူးနေပြီ”တဲ့။
တစ်နေ့.... ရတနာက ဧည့်သည်တွေကို ဘုရားလိုက်ပို့ဖို့ အဖေါ် မရှိတာကြောင့် သူမကို လာခေါ်တယ်။ အဲဒီမှာ သူနဲ့ ဒုတိယအကြိမ် ပြန်ဆုံခဲ့ရတယ်။ သူက ခင်မင်နှစ်လိုဖွယ် ကောင်းတဲ့ သူတစ်ယောက် ဖြစ်သလို ပေါင်းသင်း ဆက်ဆံရေးလည်း ပြေပြစ်တာမို့ သူမတို့ ခင်မင် သွားခဲ့ကြတယ်။
တစ်ခါတစ်ခါ သူက သူမကို စူးစိုက် ကြည့်နေတတ်တယ်။ အံ့သြစရာ ကောင်းတာက သူကလည်း သူမကို မြတ်မြတ်နိုးနိုးနဲ့ ချစ်နေပါသတဲ့။ သူနဲ့ ခင်မင်ပြီး နှစ်လလောက် အကြာမှာ... သူက သူမကို ဖွင့်ပြော ခဲ့တယ်လေ။ “ကိုယ် ... မင်းကို မြင်မြင်ချင်း ချစ်နေမိတယ်....ကလေးလေးရယ်”တဲ့...။ အဲဒီနေ့ဟာ သူမရဲ့ အပျော်ဆုံးနေ့ ပေါ့။
ဒီလိုနဲ့ သူမတို့ နားလည်မှု ရှိတဲ့ ချစ်သူဘ၀ကို တည်ဆောက် ခဲ့ကြတယ်။ တိုက်တိုက် ဆိုင်ဆိုင် သူ့ကို အဖြေပေးခဲ့ တဲ့နေ့က ဖေဖေါ်ဝါရီ ၁၄ လေ..။ သူက သူမကို ကလေးလေး လို့ခေါ်ပြီး သူ့ကိုတော့ ကိုကိုလို့ ခေါ်စေတယ်။ သူမတို့ရဲ့ ဘ၀လေးဟာ သာယာမှုတွေနဲ့ ပြည့်နေခဲ့တယ်။ သူဟာ သူမအတွက် အရာရာ စံပြ ဖြစ်စေခဲ့တယ်။ ချစ်သူများနေ့ ရောက်တိုင်း သူမကို အမှတ်ရ စရာတွေ၊ ရန်ခုန်စရာတွေ ဖြစ်အောင် ဖန်တီး ပေးခဲ့တယ်။
တစ်နေ့မှာ.. ကိစ္စတစ်ခုနဲ့ သူ့အိမ်ကို ခဏ ပြန်သွားခဲ့တယ်။ မပြန်ခင်မှာ သူက “မငိုပါနဲ့ ကလေးလေးရယ်၊ ကိုယ့်ရဲ့ ကလေးကို စိတ်သောကတွေ မရောက်စေချင်ဘူး..... ကိုယ် မကြာခင် ပြန်လာမှာပါ.... ကလေးကို ဘယ်တော့မှ ပစ်မသွားဘူးနော်.... ကိုယ် ကလေးဆီကို ပြန်လာတဲ့ တစ်နေ့ကျရင် ကလေးအတွက် ရင်ခုန်စရာ လက်ဆောင် တစ်ခု ယူလာခဲ့မယ်” တဲ့....။ အဲဒီအချိန်ဟာ သူ့ကို နောက်ဆုံး တွေ့ခဲ့ရတဲ့ အချိန်ပေါ့။
“ပြည့်ဖြိုးတစ်ယောက် ကား အက်စ်ဆီးဒင့်ကြောင့် ဆုံးပြီ” တဲ့။ ကြားရတဲ့ သတင်းက သူမကို တုန်လှုပ် သွားစေခဲ့ တယ်။ သူငယ်ချင်းတွေက သူမကို စိုးရိမ်စွာနဲ့ ဖေးမကူညီနေတဲ့ အချိန်မှာ သူမရဲ့ စိတ်က အဝေး တစ်နေရာကို ရောက်လို့ နေတယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းတဲ့ အတွက် သူမမှာ ယုံကြည်နိုင်ဖို့ အင်အား မရှိခဲ့ဘူးလေ။
သူငယ်ချင်းတွေက သူမအတွက် ယူကြုံးမရ ဖြစ်နေတဲ့ အချိန်မှာ သူမကတော့ သူပြောခဲ့တဲ့ “တစ်နေ့” ဆိုတဲ့ အချိန်ကိုပဲ စောင့်မျှော် နေတော့တယ်...။ သူမရဲ့ စိတ်ထဲမှာလည်း သူ့ကို တိုးတိုးလေး ပြောနေမိတယ်။ “လူတွေက ကျမကို ဘယ်လိုဘဲ မြင်မြင်..... ကျမကတော့ ရှင်ပြောခဲ့တဲ့ အဲဒီ တစ်နေ့ကို ရင်ခုန်စွာနဲ့ စောင့်နေတုန်း ပါပဲ ရှင်ရယ်” တဲ့....။ ။
1 ပဲ့တင်သံ:
ဒီလို အဖြစ်ဆိုးမျိုးတွေနဲ့ မကြုံကြပါစေနဲ့လို့ ဆုတောင်းပေးနေမိတယ်
စန္ဒီ အဲဒါကို ကိုယ်တွေ့ လပိုင်းလောက်ဘဲရှိသေးတယ်
Post a Comment